Rush (2013) - (Children Under 17 Required Parent/Guardian)

Rush (2013)

#ရုပ်ရှင်မိတ်ဆက်
#MoviesForMyanmar


ဒီဇာတ်လမ်းကတော့ ၁၉၇၀ ပြည့်နှစ်များက နာမည်ကြီးကားမောင်းသမား ၂ဦး ဖြစ်တဲ့ Niki Lauda နဲ့ James Hunt တို့ အကြောင်းကို Action/Drama/Biography အနေနဲ့ပြန်ရိုက်ထားတာပါ။ Biography တွေကိုစိတ်ဝင်စားတဲ့သူတွေ၊ Formula One ကားပြိုင်ပွဲတွေကို စိတ်ဝင်စားတဲ့ ပရိတ်သတ်တွေအတွက်ကတော့ ကားကောင်းတစ်ကားပါ။ ဒီဇာတ်ကားကို လက်ရှိအချိန်ထိသက်ရှိထင်ရှားရှိနေသေးတဲ့ Niki Lauda ကိုယ်တိုင် ပြန်ပြောပြထားတာကို ဇာတ်လမ်းဆင်ရိုက်ကူးထားတာပါ။ 

Niki Lauda အဖြစ် Daniel Brühl ကသရုပ်ဆောင်ထားပြီး၊ James Hunt အဖြစ်နဲ့ကတော့ လူတော်တော်များများသိတဲ့ Chris Hemsworth (Thor) က ပါဝင်သရုပ်ဆောင်ထားပါတယ်။ James Hunt က ဗြိတိသျှ လူမျိုးကားမောင်းသမားတစ်ဦးဖြစ်ပြီး ဘ၀ကို ပျော်ပျော်နေတတ်သူဖြစ်ပါတယ်။ ထူးချွန်တဲ့ကားမောင်းသမားကောင်း တစ်ယောက်ဖြစ်ပေမယ့် ကားမောင်းပြိုင်ပွဲတွေကလွဲရင် ဘယ်အရာကိုမှ အလေးနက်မထားတတ်ပါဘူး။ ဒါကြောင့်လည်း သူက F1 ပြိုင်ပွဲမှာ တစ်ခါပဲ ဗိုလ်စွဲဖူးပြီး၊ ဗိုလ်စွဲပြီး ၂နှစ်အကြာမှာ F1 ကအနားယူပြီး တီဗီအစီအစဉ် တင်ဆက်သူအဖြစ်လုပ်ကိုင်ခဲ့ပါတယ်။ ( Fun Fact : သူက ကားမောင်းသမားဘ၀မှာ အမျိုးသမီးပေါင်း ၅၀၀၀ ခန့်နဲ့ အတူတူ အိပ်ခဲ့ဖူးတယ်လို့ မှတ်တမ်းများက ဆိုပါတယ်။) ဒါကြောင့် ဒီကားမှာ Sex Scene တွေ အတော်များများပါပါတယ် (လျှပ်တပြတ်ခန့်မျှပြတာဖြစ်ပြီး ရည်ရွယ်ချက်ကတော့ သူ မိန်းမလိုက်စားတာကို ပြချင်တာပဲဖြစ်ပါတယ်။) 
Niki Lauda ကတော့ Austrian တစ်ယောက်ဖြစ်ပြီး ပြိုင်ကားမောင်းရတာကို နှစ်သက်လို့ မိဘအမွေတွေကို စွန့်လွှတ်က ပြိုင်ကားလောက ထဲဝင်လာခဲ့သူပါ။ သူက ကားအကြောင်းကောင်းကောင်းသိသလို နည်းပရိယာယ်ကြွယ်ဝသူလည်း ဖြစ်ပါတယ်။ Niki က ဇွဲကောင်း သူတစ်ယောက်ဖြစ်သလို အလွယ်တစ်ကူ အလျော့မပေးတတ် တဲ့သူ တစ်ယောက်ဖြစ်တယ်ဆိုတာ တွေ့ရမှာပါ.။ သူက ပြိုင်ပွဲတစ်ခုမှာ အကြီးအကျယ် ဒဏ်ရာရခဲ့ပြီး သေလုမျောပါးဖြစ်နေရာက ၄၅ ရက်အတွင်း ကားပြန်မောင်နိုင်အောင်ကြိုးစားခဲ့ပြီး ပြန်လည်းမောင်းခဲ့သူပါ။ အသက်အန္တရာယ်နဲ့ ကြံခဲ့ရပေမယ့်လည်း ဒီအဖြစ်ဆိုးကြီးကို ကြောက်ရွံ့မနေပဲ ပြိုင်ကားမောင်းသမားအဖြစ် တဖန် ပြန်ပြီး အောင်မြင်မှုတွေရယူနိုင်ခဲ့ပါတယ်။ ဒီလိုပြောလို့ သူက မိုက်ရူးရဲသမား မဟုတ်ဘူးဆိုတာကိုလည်း ဇာတ်လမ်းက စိတ်ဝင်စားဖို့ ကောင်းအောင် တင်ပြထားပါတယ်။ မိသားစုနဲ့ ကိုယ်ချစ်တဲ့သူတွေလောက် ဘယ်အရာမှ အရေးမကြီးဘူးဆိုတာလည်း ကောင်းကောင်းနားလည် သဘောပေါက်သူဖြစ် ပါတယ်။

ဇာတ်လမ်းက တင်ဆက်ပုံကောင်းမွန်ပြီး ရိုက်ချက်တွေကလည်း ကောင်းပါတယ်။ ဇာတ်ကွက်တစ်ခုနဲ့တစ်ခု အချိတ်အဆက်မိမိနဲ့ တည်းဖြတ်ထားပြီး၊ ပျင်းစရာဇာတ်လမ်းမဖြစ်သွားအောင် တင်ဆက်ထားပါတယ်။ ဖြစ်ပျက်ခဲ့တဲ့အဖြစ် အပျက်တွေကိုလည်း စုံအောင် တင်ပြနိုင်သလို ကြားထဲမှာလည်း စိတ်ဝင်စားစရာ ဇာတ်ကွက်တွေနဲ့ ဆက်ထားတာကြောင့် စိတ်ဝင်စားဖို့ကောင်းပြီး ဇာတ်လမ်းသရုပ်ဖော်ထားတာ သဘာဝကျပါတယ်။ ဇာတ်ဝင်တေးသီချင်းကလည်း ဇာတ်ကားနဲ့လိုက်ဖက်ပြီး Graphic တွေကလည်း အတော်ကောင်းပါတယ်။ Formula One ပရိတ်သတ်တွေ အနေနဲ့ ရုံမှာသွားကြည့်ရင် Sound Effect ကောင်းကောင်းနဲ့ ခံစားကြည့်ရှုရမှာဖြစ်ပါတယ်

မင်းသား၂ယောက်မှာ James Hunt အဖြစ်သရုပ်ဆောင်တဲ့ Chris Hemsworth က မိန်းမလိုက်စားတဲ့ ဇာတ်ရုပ်ရဖို့ သရုပ်ဆောင်ထားတာ အနည်း ငယ် Over ဖြစ်နေတယ်လို့ ခံစားရပါတယ်။ Daniel Brühl ကတော့ ဒီကားမှာ တကယ် ပီပီပြင်ပြင်သရုပ်ဆောင်နိုင်ပါတယ်။

ဇာတ်ကားကောင်းတစ်ကားပါ။ လူတွေရဲ့အကြိုက်ပေါ်မူတည်ပြီး ရုံမှာသွားကြည့်သင့်သလို အိမ်မှာ အခွေထွက်တာ စောင့်ကြည့်လို့လည်းရပါတယ်။ ကြည့်သင့်တဲ့ကားတစ်ကားပါ။ Formula One ပရိတ်သတ်တွေအတွက်ကတော့ လက်မလွတ်သင့်တဲ့ ကားကောင်းတစ်ကားပါ။

မိသားစုကြည့်ဖို့မသင့်တော်ပါဘူး။ Rated R ဖြစ်သလို Nudity, Sex Scene တွေ အများကြီးပါပါတယ်။ 18 နှစ်အောက်ကလေးတွေ မိဘမပါ ပဲမကြည့်သင့်သလို၊ မြန်မာမိသားစုတွေ အနေနဲ့ကတော့ တူတူ ကြည့်မယ်ဆိုရင် Remote ကိုသာဆောင်ထားကြပါလို့။ 

#Sololay


Trailer

https://www.youtube.com/watch?v=LmLvpSOh1QA

Comments

Popular posts from this blog

RoboCop (2014) - Movie Review

The Loft

Guardians of the Galaxy: Vol 2