Escape Plan (2013) - Arnold & Stallone

Escape Plan (2013) - Movie Review

ဒီဇာတ်ကားက ထင်ထားတာထက်ပိုကောင်းတဲ့ ဇာတ်ကားပါ။ Action Hero Icon နှစ်ယောက်ပထမဆုံး ခေါင်းဆောင်ပါဝင်ထားတဲ့ကားဖြစ်ပြီး၊ သူတို့ရဲ့ပရိတ်သတ်တွေ နှစ်ပေါင်း ၂၀ နီးပါး မျှော်လင့်စောင့်စားခဲ့ရတာတွေကို ဒီကားက စိတ်ကျေနပ်မှုရစေမှာပါ။ Expendables ကားနှစ်ကားမှာ တူတူ တွဲသရုပ်ဆောင်ဖူးပေမယ့် အခု Escape Plan မှာမှ သူတို့ နှစ်ယောက် အဓိက သရုပ်ဆောင်ထားတာဖြစ်ပါတယ်။

California Governor ဖြစ်သွားတဲ့ ၂၀၀၃ ခုနှစ်ထဲက ရုပ်ရှင်လောက ကနေအနားယူသွားတဲ့ Arnold နဲ့ ၂၀၀၀ ခုနှစ်နောက်ပိုင်းမှာ နာမည်ကျသွားခဲ့ပြီး Rambo ( မြန်မာပြည်ကို ဇာတ်အိမ်တည်ထားတဲ့ကား) နဲ့ နာမည်ပြန်ရလာတဲ့ Stallone တို့ နှစ်ဦးရဲ့ Action တွေကို ဒီကားမှာ ခံစားရမှာဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ Stallone က ထောင်တွေကို လုံခြုံစိတ်ချရမှုရှိမရှိ၊
ဘယ်လိုအားနည်းချက်တွေရှိနေတယ်ဆိုတာ ကို ကိုယ်တိုင် ထောင်ထဲမှာနေပြီး ထွက်ပြေးဖို့ ကြိုးစားရတဲ့ အလုပ်ကိုလုပ်ပါတယ်။ သူတို့အဖွဲကို အစိုးရက ပိုက်ဆံပေးငှားပြီး ထောင်တွေကို စမ်းသပ်ရပါတယ်။ တစ်နေ့မှာ စတားလုံး ကို CIA က နေပြီး သူတို့ရဲ့ထောင် တစ်ခုကို စမ်းသပ်ဖို့လာငှားပါတယ်။ သာမန်ထက် ၂ဆပိုပေးပြီး၊ လုပ်ရိုးလုပ်စဉ်အတိုင်းမဟုတ်ပဲ ဒီတစ်ခါ ထောင်ရဲ့နေရာကို ဘယ်သူမှကြိုမသိရဘဲနဲ့ ထောင်ကျခံရမှာပါ။ အဲ့ဒီမှာစတားလုံးက သစ္စာဖောက်ခံရပြီး ထောင်ထဲကို အမှန်တကယ်ရောက်သွားတဲ့အခါမှာတော့ Arnold ရဲ့အကူအညီနဲ့ ထောင်ကနေ ထွက်ပြေးဖို့ကြိုးစားရပါတော့တယ်။
 
ဒီဇာတ်ကားမှာ 50 Cent ကလွဲရင် ကျန်တဲ့ သရုပ်ဆောင်တွေက သရုပ်ဆောင်ပီပြင်သလို ဇာတ်ကားတစ်ကားလုံးကို Arnold နဲ့ Stallone က ဦးဆောင်ပြီး ပီပီပြင်ပြင် သရုပ်ဆောင်နိုင်ပါတယ်။ သူတို့နှစ်ယောက်ကြားက စကားပြောခန်းတွေ၊ ၀ါရင့်သဗ္ဗာရင့် သရုပ်ဆောင်တွေရဲ့ သရုပ်ဆောင်မှုတွေ ကိုလည်း ရှုစားရမှာဖြစ်ပြီး သူတို့ကြားက ဆက်ဆံရေး၊ စကားပြောခန်း၊ စကားလုံး(ဒိုင်ယာလော့ခ်) တွေက ဒီကားကို အသက်ဝင်စေပါတယ်။ အသက်အရွယ် ကြီးလာပေမယ့်လည်း Special Effect တွေ၊ ကင်မရာ လှည့်ကွက်တွေအများကြီး မသုံးပဲ သရုပ်ဆောင်ထားတဲ့ Action စစ်စစ် ကို ဒီကားမှာ ခံစားကြည့်ရှုနိုင်မှာပါ။ ဒီဇာတ်ကားက ဒီဘက်ခေတ် Action ကားကောင်းတွေလိုပဲ ခိုင်မာတဲ့ ဇာတ်လမ်းကျောရိုးနဲ့ ထူးခြားတဲ့ ဇာတ်ကွက်နဲ့ ပရိတ်သတ်ကိုတင်ဆက်ထားပါတယ်။ ဇာတ်လမ်းတင်ဆက်ပုံကလည်း အဆင့်အတန်းမှီပြီး Stallone နဲ့ Arnold ကို တူတူပါရင်ပြီးရော ဆိုပြီး ရိုက်ထားတာမျိုးလည်းမဟုတ်ပါဘူး။ ဇာတ်လမ်းစစချင်းက အနည်းငယ် ရှုပ်ထွေးပြီး ကျွန်တော်ကိုယ်တိုင်တောင် ဇာတ်ကားမကောင်းလောက်ဘူးလို့ ထင်ရပေမယ့် ဇာတ်ရှိန်တက်လာတာနဲ့ အမျှ စိတ်ဝင်စားဖို့ကောင်းလာသလို အက်ရှင်ခန်းတွေလည်း ပါလာပြီး ဇာတ်လမ်းပြီးတဲ့အထိ ပရိတ်သတ်ကို ဖမ်းစားသွားနိုင်ပါတယ်။ ပိုပြီးထူးခြားတာက သူတို့ရောက်နေတဲ့ထောင်ရဲ့နေရာနဲ့ ထောင်ရဲ့ဖွဲစည်းပုံဖြစ်ပါတယ်။ ထောင်ပိုင်ဖြစ်သူက စတားလုံးရဲ့ ထောင်တွေရဲ့ အားနည်းချက် မှတ်တမ်းစာအုပ်ကို အခြေခံပြီး အားနည်းချက်နည်းနိုင်သမျှ နည်းအောင် လုပ်ထားတာဖြစ်ပါတယ်။ အဲ့ဒီတော့ စတာလုံးကိုယ်တိုင် ဒီထောင်ထဲကနေဘယ်လို လွတ်အောင်လုပ်မလည်း၊ အာနိုးကရော ဘယ်လိုပတ်သက်နေလည်း၊ ထောင်ကရော ဘယ်နေရာမှာဖြစ်လို့ ထွက်ပြေးဖို့ခက်နေတာလည်း ဆိုတာ ပိတ်သားထက်မှာ သွားပြီး ခံစားကြည့်ကြပါဗျာ။

ဇာတ်ကားကောင်းတစ်ကားဖြစ်ပြီး Arnold နဲ့ Stallone တို့ရဲ့ပရိတ်သတ်တွေ လက်လွှတ်မခံသင့်တဲ့ ဇာတ်ကားကောင်းတစ်ကားပါ။ ဘာပဲဖြစ်ဖြစ်တစ်ချိန်က  ကျွန်တော်တို့ရဲ့ အက်ရှင်ဟီးရိုးကြီးနှစ်ယောက်ကို ပြန်ခံစားရမယ့်ကားတစ်ကားဖြစ်လို့ လက်လွတ်မခံသင့်ပါဘူး။ သီတင်းကျွတ်ကျောင်းပိတ်ရက်မှာ မိသားစုတူတူ အပန်းဖြေကြည့်ရှုသင့်တဲ့ကားတစ်ကားဖြစ်ပြီး မိသားစု တူတူကြည့်ဖို့အဆင်ပြေပါတယ်။ (No Sex, no Nudity, no Gory ပါ)။

ရုံမှာသွားကြည့်တုန်းက တစ်ရုံလုံးမှာ အသက်အငယ်ဆုံးက ကျွန်တော်ပါ။ ကျန်တာတွေက လူကြီးပိုင်းတွေများပြီး အသက် ၅၀ ကျော်တဲ့သူတွေ တော်တော်များပါတယ်။ အထူးသဖြင့် တနင်္ဂနွေဖြစ်တာတောင် ဆယ်ကျော်သက်တွေ လုံးဝမတွေ့ရပါဘူး။ ပြောချင်တာက ဒီကားကို လာကြည့်တဲ့သူတွေအများစုက အာနိုးနဲ့ စတားလုံးတို့ ပရိတ်သတ်တွေ ဖြစ်ပြီး ပရိတ်သတ်တွေ အကုန်လုံး အားရကျေနပ်ကြပါတယ်။ Rated R ဖြစ်ပေမယ့်လူငယ်တွေလည်း ကြည့်ဖို့အဆင်ပြေပါတယ်။

#Sololay

Trailer


Comments

Popular posts from this blog

RoboCop (2014) - Movie Review

The Loft

Guardians of the Galaxy: Vol 2