Creed

Creed (2015) - Movie Review

ပထမဆုံး အနေနဲ့ ပရိတ်သတ်ကြီးကို  Review တွေ မရေးတာကြာသွားတဲ့အတွက် အရင်တောင်းပန်လိုပါတယ်။ အခုလို အားပေးကြတာကိုလည်း ၀မ်းသာအားရမိပါတယ်။ ကျွန်တော် ဒီသုံးလေး အလုပ်နဲ့ ကျောင်း ဖြစ်နေပြီး ဘာရုပ်ရှင်မှမကြည့်ဖြစ်လို့ မတင်ဖြစ်တာဖြစ်ပြီး၊ ကျွန်တော် က Review ကို ကိုယ်တိုင် ကြည့်ပြီး ရေးရတာ ပိုကြိုက်ပါတယ်။ သူများ ပြောထားတာကို ဘာသာပြန် မရေးဘူးဆိုတာ ပရိတ်သတ်ကြီးသိတဲ့ အတိုင်းပါပဲ။

အခု ဒီဇာတ်ကားကတော့ ထွေလာ ထွက်ကတည်းက ဇာတ်ကားကောင်းဖြစ်မယ်လို့ ပြောခဲ့တဲ့ အတိုင်းပဲ တကယ်ကောင်းတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ သရုပ်ဆောင်၊ ဇာတ်လမ်း ဇာတ်အိမ် အကုန် ကောင်းပြီး Rocky ပရိတ်သတ်မဟုတ်တဲ့ သာမန် ရုပ်ရှင်ကြည့်ပရိတ်သတ်တွေ တောင်ကြိုက်ကြမှာပါ။

ဇာတ်လမ်းကတော့ တစ်ချိန်က ကမ္ဘာ့ချန်ပီယံ လက်ဝှေ့သမား Apollo Creed က အခြား မိန်းမတစ်ယောက်နဲ့ ကလေးရခဲ့ပါတယ်။ Apollo သေသွားပြီးတဲ့ နောက်မှာ (Rocky 4 မှာ Apollo ကလက်ဝှေ့ ကြိုးဝိုင်းထဲမှာ သေသွားခဲ့ပါတယ်။) Apollo ရဲ့ မိန်းမက ကလေးအကြောင်းသိသွားပြီး ကောင်လေးကို သားအရင်း သဖွယ် မွေးစားစောင့်ရှောက်ခဲ့ပါတယ်။ အဖေသွေးပါတဲ့ Adonis (Donnie လို့လည်းခေါ်တဲ့) က သူ့ လက်ဝှေ့ ထိုးရတာဝါသနာ ပါပြီး လက်ဝှေ့ ထိုးချင်ပေမယ့် အမေက ခွင့်မပြုပါဘူး။ ဒီမှာ သူက Mexico ဘက်မှာ ကြေးစားပွဲလေးတွေ သွားသွားထိုးနေရာကနေ လက်ဝှေ့လောကကို ခြေစုံပစ်ဝင်ဖို့ လုပ်ပါတော့တယ်။ ဒါကြောင့် Los Angeles ကနေ Philadelphia ကိုပြောင်းလာပြီး၊ သူ့အဖေရဲ့ မိတ်ဆွေဟောင်း Rocky Balboa ထံမှာ လက်ဝှေ့ဆည်းပူးဖို့ တောင်းဆိုပါတယ်။

ဇာတ်လမ်းက သိပ်မထူးခြားပေမယ့် ကြည့်လို့ကောင်းပြီး၊ အရင် Rocky ဇာတ်ကားတွေကို Training တွေ အများကြီး မပါတာက ထူးခြားပါတယ်။ ဒီနေရာမှာ Rocky နဲ့ Donnie တို့ နှစ်ယောက် တဖြည်းဖြည်း သံယောစဉ်ဖြစ်လာပြီး အဖေနဲ့ သား ဆက်ဆံရေးမျိုး ရလာကို ပီပီပြင်ပြင် သရုပ်ဖော်ထားပြီး၊ ဇာတ်ကားက လက်ဝှေ့ထိုးတာ၊ လေ့ကျင့်တာထက်၊ ဇာတ်ကောင် စရိုက်တွေကို အသားပေး ရိုက်ကူးသွားနိုင်တာ တွေ့ရပါတယ်။ အထူးသဖြင့် Adonis Creed က အဖေဖြစ်သူ Apollo Creed ရဲ့ နာမည်ကို လုံးဝမသုံးပဲ၊ Donnie Johnson ဆိုပြီး သုံးတာ၊ လူတွေကို သူ့က Apollo Creed သားမှန်းမသိစေချင်တာ ဟာ သူ့အဖေ နာမည်သူ့ကြောင့် ပျက်မှာဆိုးလို့ရယ်၊ အဖေ့အောင်မြင်မှုကို မှီပြီး အောင်မြင်လာတာထက် ကိုယ်အားကိုယ်ကိုး ချင်တာဆိုတာကို ပေါ်လွင်အောင်ပြသထားပါတယ်။

အဖေနဲ့ မနေခဲ့ရတဲ့ Adonis နဲ့ သားဖြစ်သူက လက်ဝှေ့ ကိုစိတ်မ၀င်စားပဲ အဝေးမှာရောက်နေတဲ့ Rocky တို့ နှစ်ယောက် တစ်ယောက်အပေါ်တစ်ယောက် တဖြည်းဖြည်း သံယောစဉ်ရှိလာကြပုံ၊ မိသားစု အဖြစ် ဖြစ်လာတာကလည်း ဇာတ်လမ်းအရ ပီပြင် အသက်ဝင်ပြီး အခြားကားတွေလို အတင်းလုပ်ယူထားတာ မဟုတ်ပါဘူး။

ဇာတ်ကားကောင်းတစ်ကားပါ။ Rocky 1 to 5 ကြည့်ဖူးရင် ပိုကောင်းပေမယ့်၊ အထက်မှာပြောခဲ့သလိုပဲ၊ သာမန် ဇာတ်ကားတစ်ကားအနေနဲ့ကို ကြည့်လို့ကောင်းပါတယ်။ ရုံမှာသွားကြည့်ဖို့တန်ပြီး၊ Stallone က ဒီကားနဲ့ အကယ်ဒမီ စာရင်းဝင်နိုင်လောက်တဲ့ သရုပ်ဆောင်မှုမျိုး သရုပ်ဆောင်သွားနိုင်ပါတယ်။ No Sex, No Nudity ဖြစ်ပြီး မိသားစုတူတူ ကြည့်နိုင်ပေမယ့် လက်ဝှေ့ကားဖြစ်တာကြောင့် ကလေးငယ်လေးတွေ မကြည့်သင့်ပါဘူး။

#Sololay

Comments

Popular posts from this blog

RoboCop (2014) - Movie Review

The Loft

Guardians of the Galaxy: Vol 2