Last Vegas (2013) - Movie Review by ရုပ်ရှင်မိတ်ဆက်

Last Vegas (2013) - Movie Review

ရုပ်ရှင်မိတ်ဆက်



ဒီတစ်ခါတော့ ဟာသကားတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်။ ဒီကား ကို ကြည့်ကြတဲ့ ပရိတ်သတ်တွေကလည်း Michael Douglas, Kevin Kline, Morgan Freeman, Robert De Niro တို့ ရဲ့ပရိတ်သတ်တွေ များပါတယ်။

ဒါပေမယ့်ဒီကားက လူကြီး၊လူငယ် တွေအကုန်လုံးအတွက် ရီမောအပန်းဖြေ နိုင်မယ့်ကားတစ်ကားပါ။ Las Vegas ကိုမရောက်ဖူးတဲ့သူတွေ၊ Las Vegas ကို မသိတဲ့သူတွေ၊ ဒီကားကိုကြည့်ပြီး Las Vegas ကို America's Playground လို့ဘာလို့တင်စားရလည်း ဆိုတာ သဘောပေါက်သွားမှာပါ။ Hangover ပရိတ်သတ်တွေနဲ့ကတော့ Las Vegas နဲ့မစိမ်းပါဘူး။

ဇာတ်လမ်းကတော့ High School အရွယ် သူငယ်ချင်း ငါးယောက် (Billy, Patty, Archie, Sam & Sophie) တို့ တစ်ယောက်နဲ့တစ်ယောက် သံယောစဉ်ရှိ ကြတယ်ဆိုတာကို ပြထားပြီး ၅၈ နှစ်ကြာပြီး နောက် Billy (Michael Douglas) က သူ့ထက် အသက်အများကြီးငယ်တဲ့ ကလေးမလေးနဲ့ Las Vegas မှာ မင်္ဂလာဆောင်မှာဖြစ်လို့ ကျန်သူငယ်ချင်း သုံးယောက်က Bachelor Party လုပ်ပေးဖို့  Las Vegas ကိုလိုက်သွားကြပါတယ်။ Billy နဲ့ Patty က ကလေးဘ၀တုန်းက Sophie ကို အပြိုင်ပိုးပန်းကြပြီး Patty (Robert De Niro) နဲ့ အိမ်ထောင်ကြသွားပါတယ်။ လက်ရှိအချိန်မှာတော့ Sophie က ဆုံးပါးသွားခဲ့ပြီး၊ Sophie ရဲ့အသုဘကို Billy ကရောက်မလာခဲ့လို့ Patty က Billy ကို မကျေမနပ်ဖြစ်နေပါတယ်။

လက်ရှိအချိန်မှာ အစွမ်းကုန် ပျော်ဖို့ ကြိုးစားနေပေမယ့်၊ လက်တွေ့သူတို့ရဲ့ဘ၀တွေကတော့ ပျင်းစရာကောင်းလှသလို၊ အသက်အရွယ်ကြီးရင့်လာတာနဲ့အမျှ စိတ်ဓါတ်ကျဆင်းမှုတွေလည်း ဖြစ်နေပါတယ်။ ဘယ်လို ပြသ၁နာတွေပဲ ရှိရှိ သူတို့လေးယောက်ကတော့ သူငယ်ချင်း လူပျိုဘ၀ မကုန်ခင် အစွမ်းကုန် ပြုစုဖို့၊ ထူးထူးခြားခြား ပါတီ ကျင်းပဖို့ စီစဉ်ကြပုံတွေ၊ ကို ဟာသနှောပြီးတင်ဆက်ထားပါတယ်။

ဟာသကားကောင်းတစ်ကားပါ။ ပြက်လုံးတွေကလည်း အမြဲတမ်းရီနေရသလို၊ ဇာတ်ဝင်ခန်းတိုင်းကလည်း ပရိတ်သတ်ရင်ကိုထိမိခံစားစေပါတယ်။ အထူးသဖြင့် ဒါရိုက်တာက ပျော်စရာ ဖန်စီ ဟာသ ဇာတ်ဝင်ခန်းလေး ထည့်ထားသလို၊ တပြိုင်နက်မှာလည်း အသက်ကြီးတဲ့ သူတွေရဲ့ ခံစားချက်၊ သားသမီးတွေ ကအစိုးရိမ်လွန်ပြီး ဘာမှပေးမလုပ်တဲ့ အခါ သူတို့တွေရဲ့ဘ၀ က အဓိပ္ပာယ်မရှိဖြစ်လာတယ်ဆိုတာ ကို လည်း ပရိတ်သတ် ခံစားမိအောင်တင်ဆက်နိုင်ပါတယ်။ အသက်ကြီးလာတဲ့အခါ သူတို့ရဲ့ နေ့စဉ် ဘ၀တွေက တစ်နေ့လာလည်း ဒါပဲ ဆိုတာမျိုး ဖြစ်နေပြီး ပျင်းရိစရာကောင်းလာတယ်ဆိုတာ လူငယ်တွေ စာနာမိစေဖို့ နဲ့  လက်တွဲဖော်မရှိတော့တဲ့ အချိန်က သူတို့အတွက် အထီးကျန်ဆုံး ဆိုတာ လည်း သတိပေးထားပါတယ်။

ခြုံပြီးပြောရရင် ဒီကားက ကျွန်တော်တို့ တစ်ချိန်က ကြိုက်ခဲ့တဲ့ မင်းသားကြီးတွေကို တစ်စုတစ်စည်းထဲ ပြန်ကြည့်ရသလို၊ ဟာသနဲ့ ဒရမ်မာကိုလည်း သေချာ ခံစားရမယ့်ကား ကောင်း တစ်ကား ဖြစ်ပါတယ်။ အထူးသဖြင့် ပြီးခါနီးနားမှာ ဇာတ်အပြောင်းအလဲဖြစ်သွားတာလေးကလည်း တစ်မျိုး ခံစားရစေပါတယ်။ ဇာတ်ကားကတော့ ရှေးခေတ်မင်းသားတွေသာမက ရှေးခေတ်က ဒိုင်ယာလော့ တစ်ချို့နဲ့ ၁၉၈၀ ကျော် ၉၀ က ဇာတ်လမ်းကျောရိုးမျိုး နဲ့ လက်ရှိခေတ် စတိုင်ကို လိုက်ဖက်ညီညီ ပေါင်း စပ်ထားပါတယ်။ ဇာတ်လမ်းမှာ ဘာပြီး ဘာဖြစ်မလည်း ဆိုတာ ခန့်မှန်းမိနေပေမယ့်၊ ဘယ်အချိန် ဒီလို ဖြစ်လာမလည်း၊ ဘယ်လိုပုံစံမျိုးနဲ့ လည်းဆိုတာကို စောင့်ကြည့်ရတာနဲ့ တင် စိတ်ဝင်စားစရာ ဖြစ်ပါတယ်။

ဇာတ်ကားကောင်းတစ်ကားပါ။ မင်းသားတွေကြားမှာလည်း တစ်ခြားသူတွေနဲ့မတူတဲ့ နားလည်မှု ရှိသလို၊ တွဲဖက်သရုပ်ဆောင်ချက်ကောင်းပါတယ်။ Las Vegas မှာ ဇာတ်အိမ်တည်ထားလို့ Sexy ကောင်မလေးတွေ၊ sexy ပါတီတွေ တော့ ရေရေလည်လည်ပါဝင်လို့ မိသားစုတူတူကြည့်ဖို့ မသင့်တော်ပါဘူး။ အထူးသဖြင့် ကလေးတွေ ပေးမကြည့်သင့်သေးပါဘူး။ Rated ကတော့ PG-13 ပါ။

#Sololay

Trailer
https://www.youtube.com/watch?v=TvK3m0wJutI

Comments

Popular posts from this blog

RoboCop (2014) - Movie Review

The Loft

Guardians of the Galaxy: Vol 2