The Gift

The Gift (2015) - Movie Review


ရုပ်ရှင်မိတ်ဆက်



ဒီကားက Mystery/Thriller ဆိုတဲ့အတိုင်း ဇာတ်လမ်းအပြီးအထိ ပရိတ်သတ်ကို ဖမ်းစားထားနိုင်ပြီး စိတ်ဝင်စားဖို့ကောင်းတဲ့ကားတစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းက အရမ်းကောင်းပြီး၊ ဇာတ်ရှိန်တက်လာတာနဲ့ အမျှ ဇာတ်ကောင်တွေရဲ့ နောက်ကြောင်းတွေ တစ်ခုပြီးတစ်ခု ပေါ်လာသလို လှည့်ကွက်တွေလည်း တစ်ခုပြီးတစ်ခု ပေါ်လာပါတယ်။

ဇာတ်လမ်းက ထွေလာမှာပါသလိုပဲ Simon (Jason Bateman) နဲ့  Robyn (Rebecca Hall) တို့လင်မယား က Chicago ကနေ Los Angeles ကို ပြောင်းလာကြပါတယ်။ Simon က ကလေးဘ၀တုန်းက LA မှာ နေခဲ့ဖူးတာကြောင့် သူ့နေရပ်ကို သူပြန်လာတဲ့သဘောဖြစ်ပါတယ်။ အလုပ်အသစ်ရလို့ ပြောင်းလာတာဖြစ်ပြီး အိမ်အသစ်အတွက် ပစ္စည်းတွေဝယ်နေတုန်းမှာ Gordon "Gordo" Moseley (Joel Edgerton) လို့ခေါ်တဲ့ လူတစ်ယောက်နဲ့ တွေ့ပြီး Gordo က Simon နဲ့ အထက်တုန်းက ကျောင်းနေဖက်သူငယ်ချင်း ဖြစ်နေပါတယ်။ Gordo ကမှတ်မိပေမယ့် Simon ကတော့ မမှတ်မိဖြစ်နေပါတယ်။ ဒီအချိန်မှာ Simon က ပစ္စည်းတွေ အိမ်ကိုပို့ဖို့ သူ့လိပ်စာကို ဆိုင်ကိုပေးလိုက်ရာက Gordo က ကြားသွားပါတယ်။

ဒီလိုနဲ့ Gordo က Simon တို့အိမ်ကို ၀ိုင်ပုလင်းလေး လက်ဆောင်ပေးရာက စလို့၊ အိမ်ကိုလည်း နေ့လည်ဆို ရောက်ရောက်လာပြီး လက်ဆောင်တွေ ပေး၊ အတင်းလာပေါင်းသင်းပါတယ်။ ဒါကို Simon က မကြိုက်ပဲ ကောင်းကောင်းလည်း မဆက်ဆံပါဘူး။ မိန်းမဖြစ်သူ Robyn ကတော့ သူ့ယောက်ျား ဖြစ်သူ တစ်ဖက်သားကို ကောင်းကောင်းမဆက်ဆံလို့ အားနာနေပါတယ်။ ဒီကနေ Gordo ကို နောက်သူတို့နဲ့ မပတ်သက်ဖို့ ပြောဆိုရင်းက စပြီး ဇာတ်လမ်းက တဖြည်းဖြည်း အဖြစ်မှန်ပေါ်လာပါတော့တယ်။ ဇာတ်လမ်းကအများ ထင်သလို ဖြစ်နေမလား၊ အခြား ဘာလှည့်ကွက်တွေရှိမလည်းဆိုတာကတော့ ပရိတ်သတ်ကြီး ကိုယ်တိုင် ခံစားကြည့်ရှုနိုင်ပါတယ်။

ဒီကားအကြောင်းကို Spoiler review သတ်သတ်ထပ်တင်ပေးမှာပါ။ ဘာလို့လည်းဆိုတော့ ဇာတ်လမ်း အကြောင်းအရာကို ရှင်းပြလိုက်တာနဲ့ Spoiler ပါသွားမှာဖြစ်လို့ပါ။ ဇာတ်ကားကောင်းတစ်ကားပါ။ ပရိတ်သတ် တွေအတွက် သင်ခန်းစာယူစရာတွေ အများကြီးရှိပြီး လူဆိုတာ အမြင်နဲ့တင်နဲ့ စိတ်ကိုခန့်မှန်းလို့မရဘူး ဆိုတာ ဒီကားကြည့်ရင်း သင်ခန်းစာရနိုင်ပါတယ်။ ဇာတ်ရှိန်တက်လာတာနဲ့အမျှ ဇာတ်လမ်းထဲက ဇာတ်ကောင်တွေနဲ့အတူ အဖြစ်မှန်တွေကိုသိလာရပြီး ဘယ်သူ့ကို ယုံကြည်ရမှန်းမသိဖြစ်လာမှာ သေချာပါတယ်။

ဇာတ်ကားကောင်းတစ်ကားပါ။ ရုံမှာ သွားကြည့်ဖို့တန်ပါတယ်။ ဒီကားက Horror လို့ လူတွေ အထင်မှား ကြပြီး Website အချို့က Horror အနေနဲ့ ဖော်ပြနေကြတာတွေ့ရပါတယ်။ တကယ်တမ်းက ဒီကားက Mystery/Thriller ဇာတ်ကားဖြစ်ပြီး၊ သဲထိတ်ရင်ဖိုအခန်းတွေပါတာရယ်၊ ခြောက်ခြားဖွယ်ဖြစ်အောင် ရိုက်ကူး ထားနိုင်လို့ Horror လို့အမှတ်မှားနေတာပါ။ သွေးထွက်သံယို မပါပါဘူး။ ဒါပေမယ့် လူရဲ့စိတ်ကို ခြောက်ခြားစေတဲ့ကား(Psychological Thriller) ဖြစ်လို့ ကလေးငယ်တွေမကြည့်သင့်ပါဘူး။

ဒီကားက လူရဲ့ စိတ်ကို အဓိက ပညာပေးတဲ့ ဇာတ်ကားဖြစ်တာကြောင့် တွေးသသ ဖြစ်စရာလေးတွေ ပါပါတယ်။ ဇာတ်လမ်းထဲက အဓိက သရုပ်ဆောင် သုံးယောက် ဖြစ်တဲ့ Jason Bateman, Rebecca Hall နဲ့ Joel Edgerton တို့ သုံးယောက်စလုံးက သရုပ်ဆောင်ပီပြင်ပြီး Gordo အဖြစ်သရုပ်ဆောင်တဲ့ Joel Edgerton က သရုပ်ဆောင် အရမ်းကောင်းပါတယ်။ ဟာသမင်းသားလို့ ပြောလို့ရတဲ့ Jason Bateman ကိုလည်း ဒီကားမှာ အခြားဇာတ်ကားတွေနဲ့ မတူတဲ့ သရုပ်ဆောင်မှုမျိုးနဲ့ တွေ့ရပြီး၊ ပီပီပြင်ပြင် သရုပ်ဆောင်ထားနိုင်ပါတယ်။

ဇာတ်ကားမှာ မင်းသမီး ရေချိုးနေတာကို အနောက်က နေ ရိုက်ထားတာ တစ်ခန်းပါပေမယ့် No Nudity လို့ပြောလို့ရပါတယ်။ မိသားစု တူတူ ကြည့်လို့ရပေမယ့် အိမ်ထောင်ရေး ဇာတ်ကားဖြစ်တာ၊ ခြောက်ခြားဖွယ်ကောင်းတာတော့ သတိပြုရမှာပါ။

#Sololay

Comments

Popular posts from this blog

RoboCop (2014) - Movie Review

Guardians of the Galaxy: Vol 2

Power Ranger (2017) - Movie Review