The Gift (2015) - Spoiler Review

The Gift (2015) - Spoiler Review


ရုပ်ရှင်မိတ်ဆက်



ဒီကားက Mystery/Thriller ဆိုတဲ့အတိုင်း ဇာတ်လမ်းအပြီးအထိ ပရိတ်သတ်ကို ဖမ်းစားထားနိုင်ပြီး စိတ်ဝင်စားဖို့ကောင်းတဲ့ကားတစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းက အရမ်းကောင်းပြီး၊ ဇာတ်ရှိန်တက်လာတာနဲ့ အမျှ ဇာတ်ကောင်တွေရဲ့ နောက်ကြောင်းတွေ တစ်ခုပြီးတစ်ခု ပေါ်လာသလို လှည့်ကွက်တွေလည်း တစ်ခုပြီးတစ်ခု ပေါ်လာပါတယ်။

ဇာတ်လမ်းက ထွေလာမှာပါသလိုပဲ Simon (Jason Bateman) နဲ့  Robyn (Rebecca Hall) တို့လင်မယား က Chicago ကနေ Los Angeles ကို ပြောင်းလာကြပါတယ်။ Simon က ကလေးဘ၀တုန်းက LA မှာ နေခဲ့ဖူးတာကြောင့် သူ့နေရပ်ကို သူပြန်လာတဲ့သဘောဖြစ်ပါတယ်။ အလုပ်အသစ်ရလို့ ပြောင်းလာတာဖြစ်ပြီး အိမ်အသစ်အတွက် ပစ္စည်းတွေဝယ်နေတုန်းမှာ Gordon "Gordo" Moseley (Joel Edgerton) လို့ခေါ်တဲ့ လူတစ်ယောက်နဲ့ တွေ့ပြီး Gordo က Simon နဲ့ အထက်တုန်းက ကျောင်းနေဖက်သူငယ်ချင်း ဖြစ်နေပါတယ်။ Gordo ကမှတ်မိပေမယ့် Simon ကတော့ မမှတ်မိဖြစ်နေပါတယ်။ ဒီအချိန်မှာ Simon က ပစ္စည်းတွေ အိမ်ကိုပို့ဖို့ သူ့လိပ်စာကို ဆိုင်ကိုပေးလိုက်ရာက Gordo က ကြားသွားပါတယ်။

ဒီလိုနဲ့ Gordo က Simon တို့အိမ်ကို ၀ိုင်ပုလင်းလေး လက်ဆောင်ပေးရာက စလို့၊ အိမ်ကိုလည်း နေ့လည်ဆို ရောက်ရောက်လာပြီး လက်ဆောင်တွေ ပေး၊ အတင်းလာပေါင်းသင်းပါတယ်။ ဒါကို Simon က မကြိုက်ပဲ ကောင်းကောင်းလည်း မဆက်ဆံပါဘူး။ မိန်းမဖြစ်သူ Robyn ကတော့ သူ့ယောက်ျား ဖြစ်သူ တစ်ဖက်သားကို ကောင်းကောင်းမဆက်ဆံလို့ အားနာနေပါတယ်။ ဒီကနေ Gordo ကို နောက်သူတို့နဲ့ မပတ်သက်ဖို့ ပြောဆိုရင်းက စပြီး ဇာတ်လမ်းက တဖြည်းဖြည်း အဖြစ်မှန်ပေါ်လာပါတော့တယ်။ ဇာတ်လမ်းကအများ ထင်သလို ဖြစ်နေမလား၊ အခြား ဘာလှည့်ကွက်တွေရှိမလည်းဆိုတာကတော့ ပရိတ်သတ်ကြီး ကိုယ်တိုင် ခံစားကြည့်ရှုနိုင်ပါတယ်။

ဇာတ်လမ်း အပြည့်အစုံကတော့ Gordo က ကလေးဘ၀က Simon နဲ့အတူတူ အထက်တန်းကျောင်းတက် ခဲ့တာဖြစ်ပြီး Simon က ကျောင်းမှာ အရမ်းဆိုးတဲ့ Bully တစ်ယောက် ဖြစ်ပါတယ်။ သူတို့ ကျောင်းမှာ တူတူတက်နေတုန်းက Simon က Gordo ကို အခြောက်ဆိုပြီး သတင်းလွှင့်လိုက်သလို၊ တစ်နေ့ ကားထဲမှာ အသက်ကြီးကြီး ယောက်ျား ကြီးတစ်ယောက်ရဲ့ အနိုင်ကျင့်တာခံရတယ်လို့ မဟုတ်မမှန်သတင်းလွှင့်လိုက် ပါတယ်။ ဒါကြောင့် အဲ့ဒီခေတ်က အခြောက်ဆို လက်မခံကြတာများတာကြောင့် Gordo ရဲ့ အဖေက သူသားကို သတ်ဖို့ အထိလုပ်ပြီး၊ ဒါကြောင့်ပဲ Gordo အဖေ ထောင်ကျသွားခဲ့ပါတယ်။ Gordo လည်း ရှက်ရှက်နဲ့ ကျောင်းက ထွက်သွားပြီး စစ်ထဲဝင်သွားခဲ့ပါတယ်။

ဒီလို ပြန်တွေ့ကြတဲ့အခါမှာ Gordo က လိုက်ရောပြီး လိုက်ပေါင်းနေတာက Simon ကို တောင်းပန်ဖို့ အခွင့်အရေး ပေးတာဖြစ်ပြီး၊ Simon က အတိတ်က အဖြစ်တွေကို မတောင်းပန်တဲ့ အပြင် သူ့ကိုတောင် ထပ်ပြီး  အနိုင်ကျင့်လိုက်ပါသေးတယ်။ ဒါ့အပြင် သူတို့ ဆီကို လုံးဝမလာဖို့ ရိုင်းရိုင်းစိုင်းစိုင်း ပြောပြီး မောင်းထုတ်ခဲ့ပါတယ်။ ဒါကြောင့် Gordo က သူတို့အိမ်ကို ပို့စ်ကတ်လေး တစ်စောင် ပို့ပေးလိုက်ပြီး သူက အတိတ်ကအဖြစ်တွေကို ခွင့်လွှတ်ဖို့ စိတ်ကူးထားတယ်လို့ ပြောခဲ့ပါတယ်။

ဒီအချိန်မှာ အားနာတတ်တဲ့ Simon မိန်းမက Gordo ကို သနားနေသလို၊ သူမကို တစ်ယောက်ယောက်က စောင့်ကြည့်နေတယ်လို့ ခံစားနေရပါတယ်။ ဒီကနေ သူမစိတ်တွေခြောက်ခြားလာပြီး တစ်ရက်မှာ မေ့လဲသွား တဲပအထိ ဖြစ်သွားပါတယ်။

ဒီနေရာမှာ ဇာတ်လမ်းက Simon ဆိုးသွမ်းတဲ့အကြောင်းကို ထပ်ပြထားပါသေးတယ်။ Simon က အလုပ်ထဲမှာ သူ့အထက်က က လူက အလုပ်ထွက်တော့မှာဖြစ်တာကြောင့် ရာထူးတက်ဖို့ အလားအလာ ရှိနေပါတယ်။ ဒါပေမယ့် သူနဲ့ အတူ ပြိုင်ဖက် တစ်ယောက်ရှိနေတယ်လို့ သိလိုက်တဲ့ အချိန်မှာ အဲ့ဒီ လူရဲ့ အတိတ် ကအကြောင်းတွေကို စုံစမ်းပြီး သူ့အရင်က ဖြစ်ခဲ့ဖူးတဲ့ အားနည်းချက်ကို သုံးပြီး အလုပ်ပြုတ်အောင် လုပ်ခဲ့ပါတယ်။ ဒါကလည်း တစ်ချိန်မှာ ပြန်ပေါ်လာပြီး အလုပ်က ပါအဖြုတ်ခံလိုက်ရပါတယ်။

ဒီအချိန်မှာ ဗိုက်ကြီးနေတဲ့ Simon ရဲ့ မိန်းမက ကလေးမွေးနေပြီး ဆေးရုံမှာ ရောက်နေသလို၊ Simon အကြောင်းသိ သွားပြီး သူ့ကိုလည်း ရွံရှာသွားပါတယ်။ ဒီအချိန်မှာပဲ Simon ကအိမ်ပြန်အရောက်မှာ လက်ဆောင် ပုံး တစ်ခုရောက်နေပြီး အထဲမှာ ကလေး ထိုင်ခံတစ်ခုပါပြီး နံပါတ်၁၊၂၊၃ တပ်ထားတဲ့ လက်ဆောင်ထုပ် သေးသေးလေး တွေပါပြီး၊ နံပါတ်တစ်က အိမ်သော့လေးဖြစ်နေပါတယ်။ အဲ့ဒီသော့က Simon အိမ်သော့ဖြစ်ပြီး Gordo မှာ သူ့အိမ်သော့ရှိတယ်ဆိုတာပြတာဖြစ်ပါတယ်။ ဒုတိယတစ်ခုက CD ခွေတစ်ခွေ ဖြစ်ပြီး ဇာတ်ဝင်ခန်း တစ်ခန်းမှာ Simon က Gordo ကို လှောင်ပြောင်နေတဲ့ အသံဖိုင်ဖြစ်ပါတယ်။ နောက်ဆုံးတစ်ခုက တော့ Video ခွေတစ်ခွေဖြစ်ပြီး ဗီဒီယိုထဲမှာ သူတို့ လင်မယား အိပ်နေတုန်းရိုက်ထားတာရော၊ သူ့မိန်းမ မူးလဲသွားတဲ့နေ့က ရိုက်ထားတဲ့ ဗီဒီယိုဖြစ်ပါတယ်။ အဲ့ဒီမှာ သူ့မိန်းမ သောက်နေတဲ့ အချိုရည်ထဲကို Gordo က အိပ်ဆေးခပ်ထားတာဖြစ်ပြီး လဲကျသွားတဲ့ သူ့မိန်းမကို ကုတင်ပေါ် ချီတင်ပေးလိုက်တာ တွေ့ရပါတယ်။ ဒါ့အပြင် သူ့မျက်နှာ်မှာ မျောက်မျက်နှာဖုံးတပ်ထားတာတွေ့ရပါတယ်။

ဒီအခန်းမှာ အခွေက ရပ်သွားပြီး Simon ကို သို့လောသို့လောဖြစ်အောင်လုပ်ထားခဲ့ပါတယ်။ ကလေးဘ၀တုန်းက လူတွေ သူ့ကို သို့လောသို့လော ထင်တာခံခဲ့ရတာကြောင့် အခု ဒီလို လက်စားပြန်ချေတာ ဖြစ်ပါတယ်။ ဘယ်သူ့ကိုမှ လည်းပြောလို့မရသလို၊ ကိုယ့်ကလေးလား သူ့ကလေးလား၊ တကယ်လို့ ကလေးက ကိုယ့်ကလေးဆိုရင်တောင် ကိုယ့်မိန်းမကို ကျူးလွန်သွားလား ဆိုတာ သူ့စိတ်ထဲမှာ အရိပ်ဆိုးလို ခြောက်လှန့်နေတော့မှာဖြစ်ပါတယ်။

ဇာတ်ကားကောင်းတစ်ကားပါ။ ပရိတ်သတ် တွေအတွက် သင်ခန်းစာယူစရာတွေ အများကြီးရှိပြီး လူဆိုတာ အမြင်နဲ့တင်နဲ့ စိတ်ကိုခန့်မှန်းလို့မရဘူး ဆိုတာ ဒီကားကြည့်ရင်း သင်ခန်းစာရနိုင်ပါတယ်။ ဇာတ်ရှိန်တက်လာတာနဲ့အမျှ ဇာတ်လမ်းထဲက ဇာတ်ကောင်တွေနဲ့အတူ အဖြစ်မှန်တွေကိုသိလာရပြီး ဘယ်သူ့ကို ယုံကြည်ရမှန်းမသိဖြစ်လာမှာ သေချာပါတယ်။ ဇာတ်လမ်းအစမှာ Simon ကိုသနားနေပြီး၊ Gordo ကသူတို့ကို ဒုက္ခပေးနေတယ်ထင်ရပေမယ့်၊ ဇာတ်ရှိန်တက်လာတာနဲ့အမျှ အဖြစ်မှန်တွေသိလာရပါတယ်။

ဇာတ်ကားကောင်းတစ်ကားပါ။ ရုံမှာ သွားကြည့်ဖို့တန်ပါတယ်။ ဒီကားက Horror လို့ လူတွေ အထင်မှား ကြပြီး Website အချို့က Horror အနေနဲ့ ဖော်ပြနေကြတာတွေ့ရပါတယ်။ တကယ်တမ်းက ဒီကားက Mystery/Thriller ဇာတ်ကားဖြစ်ပြီး၊ သဲထိတ်ရင်ဖိုအခန်းတွေပါတာရယ်၊ ခြောက်ခြားဖွယ်ဖြစ်အောင် ရိုက်ကူး ထားနိုင်လို့ Horror လို့အမှတ်မှားနေတာပါ။ သွေးထွက်သံယို မပါပါဘူး။ ဒါပေမယ့် လူရဲ့စိတ်ကို ခြောက်ခြားစေတဲ့ကား(Psychological Thriller) ဖြစ်လို့ ကလေးငယ်တွေမကြည့်သင့်ပါဘူး။

ဒီကားက လူရဲ့ စိတ်ကို အဓိက ပညာပေးတဲ့ ဇာတ်ကားဖြစ်တာကြောင့် တွေးသသ ဖြစ်စရာလေးတွေ ပါပါတယ်။ ဇာတ်လမ်းထဲက အဓိက သရုပ်ဆောင် သုံးယောက် ဖြစ်တဲ့ Jason Bateman, Rebecca Hall နဲ့ Joel Edgerton တို့ သုံးယောက်စလုံးက သရုပ်ဆောင်ပီပြင်ပြီး Gordo အဖြစ်သရုပ်ဆောင်တဲ့ Joel Edgerton က သရုပ်ဆောင် အရမ်းကောင်းပါတယ်။ ဟာသမင်းသားလို့ ပြောလို့ရတဲ့ Jason Bateman ကိုလည်း ဒီကားမှာ အခြားဇာတ်ကားတွေနဲ့ မတူတဲ့ သရုပ်ဆောင်မှုမျိုးနဲ့ တွေ့ရပြီး၊ ပီပီပြင်ပြင် သရုပ်ဆောင်ထားနိုင်ပါတယ်။

ဇာတ်ကားမှာ မင်းသမီး ရေချိုးနေတာကို အနောက်က နေ ရိုက်ထားတာ တစ်ခန်းပါပေမယ့် No Nudity လို့ပြောလို့ရပါတယ်။ မိသားစု တူတူ ကြည့်လို့ရပေမယ့် အိမ်ထောင်ရေး ဇာတ်ကားဖြစ်တာ၊ ခြောက်ခြားဖွယ်ကောင်းတာတော့ သတိပြုရမှာပါ။

#Sololay

Comments

Popular posts from this blog

RoboCop (2014) - Movie Review

Guardians of the Galaxy: Vol 2

Power Ranger (2017) - Movie Review