Fantastic Four

Don't waste your time.


ရုပ်ရှင်မိတ်ဆက်



ကျွန်တော် ရုပ်ရှင်တစ်ကားကို သွားမကြည့်နဲ့လို့ ပြောတာရှားပါတယ်။ ဘယ်လောက်ပဲ ဆိုးဆိုး အပျင်းပြေ တော့ကြည့်လို့ရပါတယ်။ မှတ်မှတ်ရရ 2014 တုန်းကထွက်တဲ့ Hercules ( The Rock ပါတဲ့ကားမဟုတ်ပါဘူး) တစ်ကားကိုပဲ မကြည့်ကြပါနဲ့လို့ပြောခဲ့ဖူးပါတယ်။ ကျွန်တော် Review ရေးတိုင်းမှာ ဘယ်တော့မှ ဘယ်သူက ဘယ်လိုပြောတယ်၊ ဘယ် Website မှာ ဘယ်လိုရေးထားတယ်ဆိုပြီး ပြောလေ့မရှိပါဘူး။ ဘာလို့လည်းဆိုတော့ ကျွန်တော့် Page ကို လာဖတ်တဲ့ ပရိတ်သတ်က ကျွန်တော့် အမြင်ကို သိချင်လို့ လာဖတ် တယ်လို့ ခံယူထားလို့ ကျွန်တော်ကလည်း ကိုယ့်အမြင်ကို အမြဲ ပြောပြပါတယ်။ နောက်တစ်ခုက ပရိတ်သတ်ကြီး သတိထားမိမှာပါ ကျွန်တော် က ရုပ်ရှင်ကားတိုင်းကို ကောင်းပါတယ်လို့ ဘယ်တုန်းကမှ မပြောခဲ့သလို မကောင်းရင် မကောင်းကြောင်း ဝေဖန်လေ့ရှိပါတယ်။

ဒီလောက် အစပျိုးထားရင် ဒီကားကို ကျွန်တော် ဝေဖန်တော့မယ်ဆိုတာ ပရိတ်သတ်ကြီး သိလောက်မှာပါ။ ဒီကားက ဒီနှစ်ထွက်တဲ့ Pixels လောက်သာသာပဲရှိတဲ့ ဇာတ်ကားတစ်ကားဖြစ်ပြီး Big Budget ဇာတ်ကားတစ်ကား ဖြစ်တာနဲ့အညီ အနည်းဆုံးတော့ Visual ကောင်းကောင်း ကြည့်ရမယ်လို့ ထင်ထားတာ တက်တက် ဆင်အောင်လွဲတာပါပဲ။ Pixels ထက်သာ တာတစ်ခုက ဒီကားမှာပါတဲ့ သရုပ်ဆောင်တွေက ကြိုးစားပမ်းစား သရုပ်ဆောင်ထားနိုင်တာပါပဲ။ ဒါတစ်ခုပဲ အကောင်းပြောစရာရှိပါတယ်။ ဇာတ်လမ်းကို မပြောခင် ကြို သတိပေးချင်တာက ဒီကားကို ရုံမှာ ကြည့်ဖို့လုံးဝမတန်ပါဘူး။

ဇာတ်လမ်းက Fantastic Four (Ultimate) ဇာတ်လမ်းကို ဇာတ်လမ်းလုပ် ရိုက်ကူးထားတာတွေ့ရပါတယ်။ Comic ထဲမှာ Ultimate Fantastic Four ဇာတ်လမ်းက Fantastic Four ၄ယောက်က လူငယ်လေးတွေ ဖြစ်ပြီး ဇာတ်လမ်းက အနည်းငယ် ပိုပြီး လူကြီး ဆန်ဆန်ဖြစ်ပါတယ်။ ဆိုလိုချင်တာက ပုံမှန် Fantastic Four လိုမျိုး ပေါ့ပေါ့ပါးပါး ဇာတ်လမ်း မဟုတ်ပဲ၊ လေးလေးနက်နက် ဇာတ်လမ်းတွေဖြစ်ပါတယ်။ ဒီကားက အဲ့ဒီလို ပုံစံမျိုး ရအောင် ရိုက်ကူးထားပေမယ့် ရည်ရွယ်ချက်မဲ့နေသလို ဇာတ်လမ်း ဇာတ်အိမ်လည်း ပျောက်ဆုံး နေပါတယ်။

ဇာတ်လမ်းက ဘာမှ မထူးခြားလို့ သတ်သတ်ရှင်းပြမနေတော့ပါဘူး။ ဇာတ်လမ်း ညံ့သွားရတဲ့အကြောင်း မပြောခင် ဒီဇာတ်လမ်းကို ဘာလို့ ရိုက်ကူးလည်း ဘာလို့ Reboot လုပ်လည်းဆိုတာ အရင်ပြောချင်ပါတယ်။ Fantastic Four နဲ့ X-Men ဇာတ်ကားတွေက 20th Century Fox က ရိုက်ကူးနေတာဖြစ်ပေမယ့် တကယ်တန်းက Marvel က ပိုင်တဲ့ ဇာတ်ကောင်တွေဖြစ်ပြီး Fox က ရိုက်ကူးခွင့် ၀ယ်ယူထားတာ ဖြစ်ပါတယ်။ Sony က Spider-Man ကို ၀ယ်ယူထားသလိုပါပဲ။ ဒီနေရာမှာ Fox က Marvel နဲ့ ချုပ်ထားတဲ့ စာချုပ်အရ Fantastic Four ဇာတ်ကားကို ၂၀၁၅ မှာ မထုတ်နိုင်ရင် Marvel က ဒီဇာတ်ကောင်တွေကို ပြန်သိမ်း ပြီး သူ့ရဲ့ MCU ထဲကို ထည့်ရိုက်လို့ရပါတယ်။ ဒါကြောင့် Fox က ဒီဇာတ်ကောင်တွေကို ဆက်လက် ထိန်းသိမ်းထား နိုင်ဖို့အတွက် မဖြစ်မနေ ရိုက်ကူးရတာဖြစ်ပါတယ်။ သူတို့မှာ စိတ်ကူးကောင်း၊ ဇာတ်လမ်းကောင်း ရှိလို့ Reboot လုပ်တာမဟုတ်ပါဘူး။ ၀ယ်ထားတဲ့ ရိုက်ကူးခွင့် မဆုံးရှုံးအောင် ဖြစ်ပါတယ်။

နောက်တစ်ချက်က Sony က Spider-Man ကို Marvel နဲ့ပေါင်းပြီး ရိုက်ကူးနေသလို Fox ကလည်း Fantastic Four ကို Marvel နာမည်တတ်ထားတာ တွေ့ရမှာပါ။ ဒါက ဘာသဘောလည်း မသိပေမယ့် လက်ရှိအတိုင်းဆို Spider-Man လမ်းစဉ်လိုက်မယ်လို့ပဲ ယူဆရပါတယ်။ တကယ်ဆို အစောထဲက Marvel နဲ့ ပေါင်းရိုက်ဖို့ကောင်းပါတယ် ဘာလို့လည်း ဆိုတော့ Fantastic Four က Reed Richard နဲ့ Sue Storm တို့ Civil War ဇာတ်လမ်းမှာ အရေးကြီးတဲ့ဇာတ်ကောင်တွေဖြစ်လို့ဖြစ်ပါတယ်။

ဒါ့အပြင် ဒါရိုက်တာ Josh Trank က သူ့ရဲ့ နဂို ဇာတ်လမ်းက အရမ်းကောင်းပြီး ပရိတ်သတ် ကြိုက်မှာဖြစ်ပေမယ့် Studio က ၀င်စွက်ဖက်လို့ အခုလို ဇာတ်လမ်းမကောင်းတာဖြစ်တယ်လို့ ဆိုပါတယ်။ တစ်ဖက်ကလည်း ဇာတ်ကားမထွက်ခင်ကတည်းက Josh Trank က လူသစ်ဒါရိုက်တာဖြစ်ပြီး ဇာတ်ကားကြီးတွေမရိုက်ဘူး တာကြောင့် FF ဇာတ်ကားကို ရိုက်ကူးရာမှာ အခက်အခဲတွေများစွာတွေ့နေလို့ Studio က အခြား ဇာတ်ညွှန်းဆရာတွေ ဒါရိုက်တာတွေကို အကူအညီတောင်းပြီး ၀ိုင်းကူပေးခဲ့ရတယ်လို့ဆိုပါတယ်။ တစ်ချို့ဇာတ်ဝင် ခန်းတွေဆို အခြားဒါရိုက်တာတွေက ရိုက်ကူးပေးခဲ့ရတယ်လို့ဆိုပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ဇာတ်လမ်းက မကောင်းတာသေချာသလို Superhero ဇာတ်ကားတွေ ဒီလောက်ကောင်း နေတဲ့ ခေတ်ကြီးမှာ ဒီကားက တော်တော် လေး ညံ့ဖျင်းပြီး ပရိတ်သတ်တွေကို အသိဥာဏ်မရှိဘူးလို့ ထင်နေပုံရပါတယ်။ အဆိုးဆုံးကတော့ ပရိတ်သတ် အကြိုက် Villain တစ်ယောက်ဖြစ်တဲ့ Dr.Doom (Victor Von Doom) ကို စုတ်ပြတ်သတ်နေအောင် ရိုက်ထားတာဖြစ်ပါတယ်။ Dr.Doom က Marvel ကာတွန်းတွေမှာ တကယ် ကြောက်ဖို့ကောင်းတဲ့ ဗီလိန်တစ်ဦးဖြစ် ပါတယ်။ ဒီကားမှာတော့ Dr.Doom က ရူးကြောင်ကြောင် ဇာတ်ကောင် တစ်ကောင်ဖြစ်နေပြီး တစ်ကားလုံးမှာ စိတ်ဝင်စားစရာ မရှိဆုံး ဇာတ်ကောင်ဖြစ်ပါတယ်။

ဒါ့အပြင် Reed Richard က ကျွန်တော် Ant Man အကြောင်းပြောတုန်းက ပြောခဲ့သလိုပဲ Marvel Universe ထဲမှာ အတော်ဆုံး သိပ္ပံပညာရှင် ဥာဏ်ကြီးရှင် တစ်ဦးဖြစ်ပါတယ်။ ဒါကြောင့်လည်း သူ့က Mr.Fantastic လို့ အမည်တွင်တာဖြစ်ပါတယ်။ ဇာတ်ကားမှာ သရုပ်ဆောင် ထားတာ မဆိုးလှပေမယ့် ဇာတ်လမ်းအရ Reed Richard က Superhero အနေနဲ့တောင် အထင်ကြီးစရာမရှိပါဘူး။ တကယ်လို့သာ ကာတွန်းမဖတ် ဖူးတဲ့သူတစ်ယောက် ဒီကားကို ကြည့်လိုက်ရင် Reed Richard ဆိုတာ အထင်ကြီး စရာ မရှိဘူးလို့ ဖြစ်သွားပါလိမ့်မယ်။ ဇာတ်လမ်းက Origin Story ဖြစ်တာကြောင့် အစပိုင်းက နှေးပြီး နောက်ပိုင်းများ ကောင်းလာမလားမှတ်ပါတယ်၊ ဇာတ်သိမ်းပိုင်း က တစ်ကားလုံးမှာ အညံ့ဆုံး ဖြစ်နေပါတယ်။

အညံ့စား အဖျင်းစား ဇာတ်ကားတစ်ကားဖြစ်ပြီး ဒီကားက Pixels ထက်တောင် ပိုညံ့ပါတယ်။ အပျင်းပြေလည်း ကြည့်လို့မကောင်းသလို၊ အလကားပေးရင်တောင် ကြည့်လို့မကောင်းပါဘူး။ အချိန်ကုန် မျက်စိညောင်းပါတယ်။ ဒီကားကို အထက်မှာပြောခဲ့တဲ့အချက်တွေကြောင့် မကောင်းလောက်ဖူးလို့ ထင်ထားသလို၊ ထွေလာ ကြည့်လိုက်တော့လည်း သိပ်စိတ်ဝင်စားစရာမရှိလှပါဘူး။ ဒါ့ကြောင့် ရုံမှာသွားကြည့်တဲ့အခါမှာလည်း မျှော်လင့်ချက်လုံးဝမထားပဲ သွားကြည့်ခဲ့တာပါ။ ဒါတောင် မှ စိတ်ပျက်ရပါသေးတယ်။ ဒါကြောင့် မကြည့်လေ ကောင်းလေပါပဲ။ အချိန်ကုန်ပါတယ်။ ဒီကားသွားကြည့်မယ့်အစား အခြား ကောင်းတဲ့ကားတွေ အများကြီး ရှိပြီး ဒီတစ်ပတ်ထဲမှာပဲ Jason Bateman ရဲ့ Mystery, Thriller The Gift ဆိုတဲ့ကား ရုံတင်နေပြီး အဲ့ဒီကားက အရမ်း ကြည့်လို့ကောင်း စိတ်ဝင်စားဖို့ကောင်းပါတယ်။ တနင်္ဂနွေလောက် တင်ပေးပါ့မယ်။

#Sololay

P.S. History of Fantastic Four ဆိုပြီး FF အကြောင်း နဲ့ တစ်ယောက်ချင်း စီအကြောင်း အပြင် Ultimate FF အကြောင်းပါ ကျွန်တော် တင်ပေးပါဦးမယ်။

Comments

Popular posts from this blog

RoboCop (2014) - Movie Review

Guardians of the Galaxy: Vol 2

Power Ranger (2017) - Movie Review