Swing Vote

Swing Vote (2008) - Movie Review
:) :) :) :) :) :) :) -_- -_- -_-

#ရုပ်ရှင်မိတ်ဆက်

ဒီကားက ၂၀၀၈ ခုနှစ်တုန်း ထွက်ခဲ့တဲ့ မင်းသားကြီး Kevin Costner ရဲ့ဇာတ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းအကြောင်းပြောရရင်တော့ ရှင်းပါတယ်။ Kevin Costner က New Mexico ပြည်နယ်မှာနေထိုင်သူ Bud Johnson အဖြစ်သရုပ်ဆောင်ထားပြီး၊ Bud က ဘ၀ကို ဖြစ်သလို နေတတ်သူဖြစ်ပါတယ်။ သူ့မှာ ၈နှစ်အရွယ် သမီးတစ်ယောက်ရှိပြီး နိုင်ငံရေးလည်းစိတ်မ၀င်စားသူတစ်ဦးဖြစ်ပါတယ်။ 

ဇာတ်လမ်းထဲမှာ သမ္မတရွေးကောက်ပွဲ ကျင်းပတဲ့အချိန်မှာလည်း သူက မဲထည့်ဖို့အတွက် ဘယ်သူ သမ္မတအရွေးခံလည်းဆိုတာ တောင်မသိ တဲ့အထိ အဖြစ်ဆိုးပါတယ်။ ဒါပေမယ့် သူ့သမီးလေးကတော့ သူနဲ့ပြောင်းပြန် ဖြစ်ပြီး သူ့ထက်ပိုပြီး အသိရှိပြီး ရင့်ကျက်တယ်လို့တောင်ဆိုရပါမယ်။ ဒီလိုနဲ့ မဲပေးရမယ့်ရက်မှာ သူ့သမီးလေးက အဖေကို မဲထည့်ဖို့ အားပေးအားမြှောက်လုပ်ပြီး မဲစာရင်းပေးထားပေမယ့်၊ အရက်ဆိုင်ရောက်နေတဲ့ Bud က သူ့သမီးနဲ့ချိန်းထားတဲ့ မဲရုံကို ရောက်မလာခဲ့ပါဘူး။ ဒီအခါမှာ သမီးဖြစ်သူက မဲရုံထဲကို ခိုးဝင်ပြီး အဖေ့အစား မဲခိုးထည့်ဖို့လုပ်ပါတယ်။ ဒီနေရာမှာတစ်ခုပြောချင်တာက American နိုင်ငံက မဲရုံတွေမှာ Voting Machine တွေ အသုံးပြုထားတာဖြစ်ပြီး Database ထဲကို တန်းရောက်သွားတာဖြစ်ပါတယ်။ ဒီအချိန်မှာ အမှတ်မထင်ပဲ Voting Machine က မီးကြိုးက ပြုတ်သွားပြီး ကလေးမထည့်လိုက်တဲ့ မဲက System ထဲကို မ၀င်သွားပါဘူး။

ဒီနေရာမှာ သိပ်မသိသေးသူတွေအတွက် အနည်းငယ်ရှင်းပြပေးပါ့မယ်။ America မှာက Democrat နဲ့ Republican  နိုင်ငံရေးပါတီ နှစ်ခု ပဲရှိပြီး အဲ့ဒီပါတီနှစ်ခုက ရွေးကောက်ပွဲမတိုင်ခင် သူတို့ပါတီထဲမှာ သမ္မတလောင်းကို အရင်ရွေးပါတယ်။ ပြီးမှ တစ်ဖက်တစ်ယောက် စီနဲ့ ရွေးကောက်ပွဲဝင်ပြိုင်ပါတယ်။ မြန်မာပြည် နဲ့ မတူပါဘူး။ တကယ်လို့ တသီးပုဂ္ဂလ ၀င်ပြိုင်ချင်ရင်လည်း စည်းကမ်းနဲ့ကိုက်ညီရင်ဝင်ပြိုင်လို့ရတယ်လို့ လည်းသိရပါတယ်။ ဒါကတော့ ကျွန်တော် နားလည်သလောက် ပြန်ရှင်းပြတာပါ။ ဒါ့အပြင် ရွေးကောက်ပွဲ ၀င် သမ္မတ လောင်းနှစ်ဦး (သို့မဟုတ်) လက်ရှိသမ္မတ နဲ့ နောက်တက်လာမယ့် သမ္မတလောင်း တို့ဟာ Presidential Debate လို့ခေါ်တဲ့ စကားရေလုပွဲ တွေကျင်းပပြီး ပြည်သူတွေရဲ့ထောက်ခံမှုရအောင် လုပ်ကြရပါတယ်။ ဒီ Debate တွေမှာ နိုင်ငံအတွက် အရေးပါတဲ့ မေးခွန်းတွေ ဥပမာ တိုင်းပြည်မှာ အလုပ်လက်မဲ့များနေတဲ့ ပြသ၁နာကို ဘယ်လို ရှင်ပေးမလည်း စသဖြင့်အရေးပါတဲ့ မေးခွန်းတွေကို မေးပြီး သမ္မတလောင်း နှစ်ဦးက ဘယ်လို ဖြေရှင်းမလည်းဆိုတာ ကို ပြန်ဖြေပေးရတာဖြစ်ပါတယ်။

ဇာတ်လမ်းကိုပြန်ဆက်ရရင် ဒီလိုနဲ့ နောက်တစ်နေ့မှာ မဲရလဒ်လည်း ထွက်လာရော နှစ်ဖက်စလုံးက သမ္မတ နှစ်ယောက်က ရလဒ်တူနေပြီး Bud ရဲ့ သမီးလေးထည့်လိုက်တဲ့မဲက မဲထည့်တယ်လို့ စာရင်းဝင်သွားပေမယ့် ကြားထဲမှာ ၀ါယာကြိုးပြုတ်သွားလို့ ဘယ်သူ့ကို မဲထည်လည်းဆိုတာ မသိလိုက်ပါဘူး။ ဒီလို အခန့်မသင့်ပဲ မဲပျက်သွားတဲ့အတွက် သူ့ကို အချိန် ၁၀ရက် ပေးပြီး နောက် မဲပြန်ထည့်ခွင့်ပေးခဲ့ပါတယ်။ 

ဒီအချိန်မှာ လက်ရှိသမ္မတ (နောက်ထပ်သက်တမ်းတစ်ခုအတွက် ပြန်အရွေးခံနေတာဖြစ်ပါတယ်။) ရော၊ သမ္မတလောင်း ပါ Bud ရှိတဲ့ New Mexico ကိုအပြေးလာပြီး သူတို့ဖက်ကို ပါလာအောင် မဲဆွယ်ကြပါတယ်။ ဒါ့အပြင် မီဒီယာ တွေ၊ ပြည်သူတွေ တတိုင်းတပြည်လုံးက သူ့ကိုစောင့်ကြည့်နေပြီး၊ သူ့ရဲ့ မဲက အဆုံးအဖြတ်ပေး မှာဖြစ်ပါတယ်။ ဒါ့အကြောင့် ပြည်သူတွေက သူ့ရဲ့ အဆုံးအဖြတ်ကိုစောင့်ကြည့်နေသလို၊ နောက်ဆုံး မှာ သမီးလေးကြောင့် အမြင်မှန်ရသွားပြီး ရင့်ကျက်သွားတဲ့ Bud က တတိုင်းတပြည်လုံး ကိုယ်စား သမ္မတ လောင်းနှစ်ဦးကို မေးခွန်းတွေမေး ပေးခဲ့ပါတယ်။ ဒီလို ပြည်သူတွေအစားစိတ်ကြိုက် မေးပြီးနောက်မှာတော့ သူ့ရဲ့ မဲကိုထည့်နေတဲ့အခန်းနဲ့ အဆုံးသတ်ခဲ့ပါတယ်။ (မေးခွန်းမေးတာတွေကတော့ ရုပ်ရှင်ထဲမှာမပြတော့ပါဘူး။)

ဇာတ်လမ်းကအရမ်းကြီးမကောင်းပေမယ့် ဒီကားက လူတစ်ယောက်ရဲ့ မဲတစ်ပြားက ဘယ်လောက်အရေး ပါတယ်ဆိုတာ သာမန်ပရိတ်သတ်တွေသိအောင် စိတ်ဝင်စားစရာတင်ဆက်ပေးထားပါတယ်။ ဒါ့အပြင် သမ္မတ ကောင်းတစ်ယောက် မှန်ကန်အောင် ရွေးချယ်နိုင်ဖို့ဆိုတာ ဘယ်လောက်အရေးပါပုံ၊ နိုင်ငံသားတိုင်းရဲ့ မဲတစ်ပြားစီ က နိုင်ငံရဲ့ အနာဂတ်ကို အဆုံးအဖြတ်ပေးနိုင်တယ်ဆိုတာ ကိုလည်း စိတ်ဝင်စားဖွယ်တင်ဆက်ထားပါတယ်။ ကျွန်တော်တို့ ဆီမှာလည်းရွေးကောက်ပွဲနီးလာပြီဖြစ်လို့ ပရိတ်သတ်ကြီး ဗဟုသုတအနေနဲ့ ကြည့်နိုင်အောင် တင်ဆက်ပေးထားပါတယ်။ No Sex, No Nudity ဖြစ်ပြီး မိသားစုတူတူကြည့်နိုင်ပါတယ်။ ကြည့်ဖြစ်အောင် ကြည့်ကြည့် ကြပါ။

Sololay

Comments

Popular posts from this blog

RoboCop (2014) - Movie Review

The Loft

Guardians of the Galaxy: Vol 2