Green Mile

Green Mile (1999) - Movie Review (Spoiler!!!)
:) :) :) :) :) :) :) :) -_- -_-



#ရုပ်ရှင်မိတ်ဆက်

ဒီကားက မင်းသားကြီး Tom Hank ရဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ ၁၉၉၉ ခုနှစ်က ထွက်ခဲ့တဲ့ ဇာတ်ကားဖြစ်ပြီး၊ စာရေးဆရာကြီး Stephen King ရဲ့ စာအုပ်ကို ပြန်ရိုက်ထားတဲ့ ဒရမ်မာကားကောင်းလေးတစ်ကားဖြစ်သလို ပရိတ်သတ်ကို ထူးထူးခြားခြား ရသကောင်း ပေးနိုင်မှာဖြစ်ပါတယ်။
Stephen King ရဲ့ နာမည်ကြီးဝတ္ထုတွေကို ရုပ်ရှင်တော်တော်များများ ပြန်ရိုက်ကြပြီး အဲ့ဒီထဲမှာမှာ Shawshank Redemption, The Shinning တို့က အနုပညာအရအောင်မြင်သလို လက်ရှိအချိန်မှာ စံထားရတဲ့ ဇာတ်ကားတွေ အဖြစ် ပရိတ်သတ် အသိအမှတ်ပြုထားသလို၊ Arnold ရဲ့ The Running Man ကတော့ ပရိတ်သတ် ကြိုက်ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။

ဇာတ်လမ်းကတော့ 1935 ခုနှစ် ထောင်ပိုင်တစ်ဦးဖြစ်တဲ့ Paul Edgecomb ရဲ့ ဇာတ်ကြောင်းကို ရိုက်ကူးထားတာဖြစ်ပါတယ်။ ဇာတ်လမ်းအစမှာ ၁၉၉၉ ခုနှစ် ဘိုးဘွားရိပ်သာတစ်ခုမှာဖြစ်ပြီး Paul Edgecomb က ရုပ်ရှင်ကြည့်ရင်းနဲ့ ငိုနေတာကြောင့် သူမိတ်ဆွေ အဘွားကြီးက စိုးရိမ်ပြီး မေးမြန်းခဲ့ပါတယ်။ ဒီအခါမှာ Paul က အတိတ်က အကြောင်းကို ပြန်သတိရသွားလို့ဖြစ်ကြောင်း ပြောပြခဲ့ပြီး ဇာတ်လမ်းကိုနောက်ကြောင်းပြန်ခဲ့ပါတယ်။ ၁၉၃၅ ခုနှစ် လူဝီစီယားနား ပြည်နယ် က ထောင်တစ်ခုမှာ Paul Edgecomb (Tom Hank) က တာဝန်ထမ်းဆောင်ခဲ့ရပြီး အဲ့ဒီထောင်မှာ သေဒဏ်ကျခံနေရတဲ့အကျည်းသားတွေ ကို သေဒဏ်မပေးခင် ချုပ်ထားရတာဖြစ်ပါတယ်။

ဒီလိုနဲ့တစ်နေ့မှာ သူတို့ ထောင်ကို ကလေးမလေးနှစ်ယောက်ကို (၈နှစ် ၁၀ နှစ်ဝန်းကျင်) မုဒိန်းကျင့်တဲ့ လို့ သေဒဏ်ချခံရတဲ့ လူမည်းတစ်ယောက်ရောက်လာပါတယ်။ သူ့နာမည်က John Coffey လို့ခေါ်ပြီး Michael Clark Duncan ( Scorpion King, Armageddon) က ပီပီပြင်ပြင်သရုပ်ဆောင်ထားပါတယ်။  ထောင်မှာ အခြား သေဒဏ်ကျ ထောင်သား နှစ်ယောက်ထပ်ရှိပြီး Eduard "Del" Delacroix က အရင်ရှိနေပြီး နဲ့ Wild Bill က ဓါးပြတိုက် လူသတ်လို့ ထပ်ရောက်လာပါတယ်။ အဲ့ဒီအချိန်က လူမည်းတွေကျွန်အဖြစ်ရှိနေတုန်းဖြစ်ပြီး အနှိမ်ခံထားရချိန်ဖြစ်ပါတယ်။ ဒါ့အပြင် သူ့ကတကယ့် လူထွားကြီးဖြစ်ပြီး ကြောက်စရာလည်းကောင်းလှသလို၊ သူ့ကိုမိတဲ့အချိန်မှာလည်း ကလေးမလေးနှစ်ယောက်ရဲ့ အလောင်း ကိုပွေ့ဖက်ထားတာတွေ့ရတာ ဖြစ်လို့ သူကိုသေမိန့်ချထားပါတယ်။

ဒါပေမယ့် John Coffey က စကားပြောတာက အစ နူးနူးညံညံ လေပြေလေးနဲ့ပြော တတ်သူဖြစ်ပြီး၊ သူ့မှာ ထူးခြားတဲ့ အစွမ်းရှိတာကိုလည်း Paul နဲ့ သူ့ရဲ့ ထောင်ကရဲတွေ သတိထားမိလာပါတယ်။ ဒီထောင်ကို တစ်ရက်မှာ Percy Wetmore ဆိုတဲ့ စိတ္တဇ ဆန်ဆန် ရဲတစ်ယောက်ရောက်လာတဲ့အခါမှာ ကျန်တဲ့ ထောင်ဝန်ထမ်းတွေက သူ့ကို သဘောမကျပါဘူး။ Percy က အကျင့်မကောင်း သလို၊ ထောင်သားတွေကို လည်း အနိုင်ကျင့်တဲ့အပြင် တစ်နေ့မှာ Del မွေးထားတဲ့ ကြွက်ကလေးကို ခြေထောက်နဲ့ တက်နင်း သတ်ပစ်လိုက်ပါတယ်။ သူ့ရဲ့ဒီလိုအပြုအမူကြောင့် Paul နဲ့ ကျန်တဲ့ ၀န်ထမ်းတွေက သူ့ကို ဒီထောင်မှာ အလိုမရှိတော့ပဲ တစ်ခြားကို ပြောင်းဖို့ဝိုင်းပြောတဲ့အခါမှာ Percy က Del ကို လျှပ်စစ်ထိုင်ခုံ ပေါ်တင်ပြီး သတ်ပြီးမှ ပြောင်းမယ်လို့ သဘောတူလိုက်ပါတယ်။

ဒီနေရာမှာ John Coffey အကြောင်းပြန်ဆက်ရရင်  သူ့မှာ ထူးခြားတဲ့ အစွမ်းရှိတယ်လို့ အထက်မှာပြောခဲပပါတယ်။ Percy ကြောင့် Del ရဲ့ ကြွက်ကလေး သေလုဆဲဆဲ ဆန့်တငင်ငင် ဖြစ်နေချိန်မှာ John က သူ့လက်ထဲကို ကြွက်ကလေးထည့်ပေးဖို့ ပြောပြီး ကြွက်ကလေးကို အသက်ပြန်ရှင်လာအောင် ကုပေးလိုက်သလို အကောင်းပကတိပြန်ဖြစ်သွားစေခဲ့ပါတယ်။ ဒါ့အပြင် Paul မှာ လည်း ဆီးရောဂါရှိနေရာက John က အကောင်း ပကတိဖြစ်အောင်ကုပေးလိုက်ပါတယ်။ ဒီလို ကုပြီးတဲ့အခါတိုင်းမှာ John က "I helped it. Didn't I help it? I just took it back, is all. Awful tired now, boss. Dog tired." လို့ပြောလေ့ရှိပြီး၊ ဒီမကောင်းတဲ့ ရောဂါတွေကို သူ့ဆီယူလိုက်တယ်လို့ ဆိုလိုချင်ပုံရပါတယ်။ ဒီလို ကုပြီးတိုင်းမှာလည်း သူ့ ပါးစပ်ထဲက ယင်ကောင် လို အကောင်လေးတွေ မှုတ်ထုတ်လိုက် မှပြီး အဲ့ဒီအကောင်လေးတွေကလည်း လေထဲမှာ ပျောက်သွားပါတယ်။ သဘောက ရောဂါဆိုးတွေကို သူက နေတဆင့် ထုတ်ပေးလိုက်တဲ့သဘောဖြစ်ပါတယ်။

John ရဲ့ အစွမ်းက ဒါတင်မကပါဘူး တစ်ခြားလူတစ်ယောက်ကို ထိလိုက်တဲ့အခါမှာ ဒီလူရဲ့ အတိတ်က အကြောင်း ကိုသိရသလို၊ ဒီလူက လူကောင်းဟုတ်မဟုတ် သူတန်းသိပါတယ်။ ဒီမှာ ထောင်သားနောက်တစ်ယောက်ဖြစ်တဲ့ Wild Bill က မှ တကယ့်တရားခံဖြစ်ပြီး ကလေးမလေးနှစ်ယောက်ကို မုဒိန်းကျင်သတ်ဖြတ်ခဲ့တာဖြစ်မှန်းသိသွားပါတယ်။ ဒါ့အပြင် John က ကလေးမလေးနှစ်ယောက်ကို အသက်ပြန်သွင်းပေးဖို့ ကြိုးစားနေတာဖြစ်ပြီး အဲ့ဒီအချိန်မှာ အဖမ်းခံရတာဖြစ်ပါတယ်။ ဒါကို Paul က သိသွားပေမယ့်လည်း ဘာမှမတတ်နိုင်တော့ပါဘူး။ ဒီအချိန်မှာ Percy က Del ကို လျှပ်စစ်ပေးသတ် တဲ့နေရာမှာ ကောင်းကောင်း မသတ်ပဲ အကျင့်ယုတ်ထားတာကြောင့် Del က သက်တောင့်သက်သာမရှိပဲ တစ်ကိုယ်လုံး မီးလောင် ပြီး အကြာကြီးခံရပြီးမှာ သေသွားခဲ့ပါတယ်။

Paul က သူ့ဆီးရောဂါကောင်းသွားတာကြောင့် John ရဲ့ အစွမ်းကိုသလိုက်ရတဲ့အခါမှာ၊ Tumor ဖြစ်နေတဲ့ ထောင်ပိုင်ကြီးရဲ့ မိန်းမကို ကုသပေးဖို့ John ကို ထောင်ထဲကနေ ခိုးထုတ်သွားပြီး ကယ်တင်နိုင်ခဲပပါတယ်။ အဲ့ဒီကနေပြန်လာတဲ့အချိန်မှာ John Coffey က အရင်တစ်ခေါက်တွေတုန်းကလို ရောဂါတွေကို ပြန်မထုတ်လိုက်ပဲ သူကြိတ်ခံလာပါတယ်။ ဒီလိုနဲ့ထောင်ကိုပြန်ရောက်တဲ့အခါကျမှ လူယုတ်မာ Percy ကို အနားဆွဲခေါ်ပြီး ထောင်ပိုင်ကြီးမိန်းမရဲ့ ရောဂါတွေ ထည့်ပေးလိုက်ပါတယ်။ ဒီအချိန်မှာ Percy က သေနတ်ထုတ်ပြီး Wild Bill ကို ပစ်သတ်လိုက်ပါတယ်။ သူကိုယ်တိုင်လည်း အသိအဥာဏ်မဲ့သွားခဲ့ပါတယ်။

ဒီအချိန်မှာ Paul က ဘာလို့ဒီလိုလုပ်ရလည်းဆိုပြီး စစ်ဆေးတဲ့အခါကျမှ John က ဒီနှစ်ယောက်လုံးက အကျင့်မကောင်းတဲ့သူတွေဖြစ်ပြီး၊ Wild Bill က ကလေးမလေးတွေကို သတ်ခဲ့သူဖြစ်ကြောင်း ပြခဲ့ပါတယ်။ ဒီလိုပြဖို့အတွက် John က သူ့ရဲ့ အစွမ်း တစ်ချို့ကို Paul ကို ခဏပေးခဲ့ရပြီး သူမြင်သလို မြင်ရအောင် ပြခဲ့ပါတယ်။ တကယ်တန်း John ကို သတ်ရမယ့် အချိန်မှာ သူအပြစ်မရှိတာကိုသိနေတဲ့ ထောင်ဝန်ထမ်းတွေ အားလုံးက သူ့ကို ထွက်ပြေးဖို့အထိ ပြောပြီး သူတို့ကူညီမယ်လို့ ပြောခဲ့ပေမယ့် John က သူ မပြေးချင်တော့ကြောင်း၊ ဒီလိုဘ၀နဲ့ မနေချင်တော့ကြောင်း ပြောခဲ့ပါတယ်။ နောက်ဆုံး ကွပ်မျက်တဲ့အချိန်ကတော့ တစ်ကားလုံးမှာ ၀မ်းနည်းဖို့အကောင်းဆုံး ဖြစ်ပြီး အနုပညာရသမြောက်အောင် ရိုက်ကူးနိုင်ခဲ့ပါတယ်။

ဒီလိုနဲ့ ၁၉၉၉ ကိုပြန်ရောက်သွားပြီး စကားပြောနေတဲ့ Paul ကို သူ့မိတ်ဆွေအဘွားကြီးက တစ်ခုဖြတ်မေးပါတယ်။ ဇာတ်လမ်းထဲမှာ Paul က John Coffey ကို ကွတ်မျက်လိုက်တဲ့အချိန်မှာ သူအသက် ၄၄ နှစ်ရှိပြီ လို့ဆိုထားပြီး၊ အဲ့ဒီနောက်မှာ ဒီအလုပ်ကထွက်လိုက်တယ်လို့ဆိုထားပါတယ်။ ဒါကြောင့် အဘွားကြီးက သူပြောတာသာအမှန်ဆိုရင် Paul က အသက် ၁၀၈ နှစ်ရှိပြီလားဆိုပြီး မေးခဲ့ပါတယ်။ ဒီအခါမှာ Paul က အဘွားကြီးကို John အသက်ပြန်သွင်းပေးခဲ့တဲ့ Del ရဲ့ ကြွက်ကလေးကို ပြခဲ့ပြီး သူလည်းအသက်ရှင်နေသေးကြောင်း ရှင်းပြခဲ့ပါတယ်။ အထက်မှာ တုန်းက Wild Bill နဲ့ Percy တို့ အကျင့်မကောင်းကြောင်း Paul မြင်အောင်ပြတုန်းက သူ့ရဲ့ စွမ်းအားတစ်ချို့ Paul ဆီရောက်သွားတာ ကြောင့် ဖြစ်မယ်လို့ သူကဆိုပါတယ်။

ဒါ့အပြင် သက်တန်းတိုတဲ့ ကြွက်ကလေးတောင် အခုအချိန်ထိ အသက်ရှင်နေသေးရင် သူကရောဘယ်အချိန် ထိနေရဦးမှာလည်းဆိုပြီး ပြောသလို၊ သူ့မိတ်ဆွေအဘွားကြီးရဲ့ အသုဘချတာ သွားတက်နေတဲ့ အခန်းနဲ့ ဇာတ်သိမ်းထားပါတယ်။

ထူးခြားတဲ့ ဇာတ်ကားတစ်ကားဖြစ်ပြီး ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ ကြည့်ကိုကြည့်သင့်တဲ့ဇာတ်ကား တစ်ကားဖြစ်လို့ ဒရမ်မာကောင်း ကြိုက်တဲ့ ပရိတ်သတ်တွေ လက်မလွှတ်သင့်ပါဘူး။ ကျွန်တော်ရေးထားတာထက် အများကြီးပိုကောင်းပြီး သရုပ်ဆောင်တွေလည်း အရမ်းကောင်းပါတယ်။ Rated R ဖြစ်လို့ ကလေးတွေမကြည့်သင့်သလို မိသားစုတူတူ မကြည့်သင့်ပါဘူး။ Sex & Nudity အနည်းငယ်ပါပြီး၊ လျှပ်စစ်ခုံနဲ့ ကွတ်မျက်တဲ့အခန်းတွေ ရုပ်ရင်းကြမ်းတန်းတာတွေ ပါလို့ လူငယ်တွေ မကြည့်သင့်ပါဘူး။

#Sololay

Comments

Popular posts from this blog

RoboCop (2014) - Movie Review

The Loft

Guardians of the Galaxy: Vol 2