Ant-Man

Ant-Man (2015)
:) :) :) :) :) :) :) :) -_- -_-

#ရုပ်ရှင်မိတ်ဆက်

ဒီကားက Marvel Cinematic Universe ထဲက ဇာတ်ကားတစ်ကားဖြစ်ပြီး၊ ဒီကားအပြီးမှာ ပရိတ်သတ်တွေနဲ့မရင်းနှီးသေးတဲ့ Superhero တွေတစ်ယောက်ပြီး တစ်ယောက် ရုပ်ရှင်အဖြစ်လာမှာဖြစ်ပါတယ်။ ဇာတ်ကားအကြောင်း ရှင်းပြအပြီးမှာ Ant-Man ရဲ့ ရာဇ၀င်ကို အောက်မှာ ထည့်ပေးထားပါတယ်။




ဒီကားမှာတော့ 1989 မှာ Hank Pym က Tony Stark ရဲ့ အဖေ Howard Stark နဲ့ တွဲပြီး အလုပ်လုပ်နေတာတွေ့ရသလို၊ ဇာတ်လမ်းအစမှာပဲ Howard Stark က သူ့ရဲ့ Pym Particle Formula ကို တုပပြီး ပွားဖို့လုပ်နေတာကိုသိသွားရာကနေ အချင်းများကြပါတယ်။ Hank က သူ့ရဲ့ Pym Particle က အရမ်း အန္တရာယ် များပြီး မသမာသူလက်ထဲရောက်သွားမှာ စိုးရိမ်နေပါတယ်။ ဒါကြောင့် သူက ဒီအဖွဲ့ကနေ နုတ်ထွက်သွားခဲ့သလို၊ သူ့ရဲ့ Ant-Man ၀တ်စုံနဲ့ Technology ကိုလည်း ဘယ်သူမှမရစေရဘူးလို့ ကြိမ်းဝါးခဲ့ပါတယ်။

ဒီလိုနဲ့ လက်ရှိအချိန်မှာတော့ Scott Lang က သူခိုးတစ်ဦးဖြစ်ပြီးထောင်ကျရာကလွတ်လာပါတယ်။ ဒါပေမယ့် သူ့ရဲ့ ထောင်ကျဖူးတဲ့မှတ်တမ်းကြီးကြောင့် အလုပ်ကောင်းကောင်းမရဖြစ်နေပါတယ်။ ဒီအချိန်မှာ အသက်ကြီးရင့် နေပြီ ဖြစ်တဲ့ Hank Pym က Scott Lang ကိုစောင့်ကြည့်နေပါတယ်။ ဘာလို့လည်းဆိုတော့ Hank ရဲ့ တပည့်တစ်ဦးဖြစ်တဲ့ Darren Cross က သူ့ရဲ့ Pym Particles ကို စမ်းသပ်အောင်မြင်နေပြီး Yellowjacket ဆိုတဲ့ ၀တ်စုံကို ထွင်ထားပြီးဖြစ်နေပါတယ်။ ဒါပေမယ့် သူက သက်ရှိသတ္တ၀ါတွေကိုတော့ ချုံ့ချဲ့လုပ်လို့မရသေးဘူးဖြစ်နေပါတယ်။

ဒီကုမ္ပဏီက Hank တည်ထောင်ခဲ့တဲ့ ကုမ္ပဏီဖြစ်ပြီး၊ လက်ရှိမှာတော့ သူ့ရဲ့ ဘုတ်အဖွဲ့က သူ့ကို အလုပ်ပြန်ဖြုတ်ထားတာခံထားရပါတယ်။ ဒါပေမယ့် ကုမ္ပဏီမှာ သူ့ရဲ့ သမီး Hope Van Dyne က အလုပ်ဆက်လုပ်နေပြီး၊ သူ့ကို Yellowjacket ရဲ့ အခြေအနေကို သတင်းပို့ပေးနေပါတယ်။ Hank ကဒီဝတ်စုံရော Data တွေကိုရော ဖျက်ဆီးဖို့ ကြံစည်နေတာဖြစ်ပြီး ဒီလို လုပ်ဖို့အတွက် Scott Lang ရဲ့ အကူအညီလိုနေပြီး Scott ကို Ant-Man အဖြစ် တာဝန်ပေးပြီး ခိုင်းစေပါတော့တယ်။ ဒီနေရာမှာ သူ့ရဲ့သမီးက သူမကို ပေးဝတ်ဖို့တောင်းဆိုပေမယ့် Hank က ခါးခါးသီးသီးငြင်းဆိုခဲ့ပြီး Scott ကိုပဲ ခိုင်းစေခဲ့ပါတယ်။

ဒီကားမှာ Ant-Man ရဲ့ power တွေကို သေချာရှင်းပြထားသလို၊ Scott ကို Hank က သင်ပေးတဲ့အခန်းမှာ လည်း သူဝတ်စုံကို ဘယ်လိုထိမ်းချုပ်လည်းဆိုတာ တွေ့ရမှာပါ။ ၀တ်စုံရတာနဲ့ Ant-Man တန်းမဖြစ်နိုင်ဖူး ဆိုတာလည်း ပရိတ်သတ်သိအောင်ပြထားပါတယ်။ ဒါ့အပြင် Ant-Man ရဲ့ အဓိက စွမ်းအားဖြစ်တဲ့ ပုရွက်စိတ်တွေကို ထိမ်းချုပ်တဲ့ စွမ်းအားကိုလည်း ဒီကားမှာ သေချာရှင်းပြထားသလို၊ ဒီလို ထိမ်းချုပ်နိုင်ဖို့ကိုပါ သေချာ လေ့ကျင့်ရပါသေးတယ်။ ဒါ့တွေအားလုံးက သာမန်ပရိတ်သတ်တွေပါနားလည်အောင် ရိုက်ကူးထားနိုင်တာတွေ့ရပြီး၊ ဒီကားကိုလူတိုင်းကြိုက်မှာသေချာပါတယ်။

ဒါပေမယ့် ကျွန်တော် မြန်မာပြည်မှာ ရှိတုန်းက ကြုံဖူးတာတစ်ခုရှိပါတယ်။ X-Men Origin: Wolverine သွားကြည့်တုန်းက ကြုံခဲ့ရတာပါ။ ရုံထဲမှာ ရုံရှင်ကြည့်နေတုန်း စိတ်ဓါတ်သိမ်ဖျင်းတဲ့ သူတွေက Superhero ကားလာကြည့်တာကို ထူးထူးဆန်းဆန်းတစ်ခုခု လုပ်ပြရင် အောက်နေ ထိုင်လှောင်နေတာ မျိုးပါ။Deadpool က ဓါးနဲ့ ကျည်ဆန်ကို ကာသွားတဲ့အခန်းမှာ ထလှောင်တော့ သည်းမခံနိုင်လို့ ထချဲခဲ့ရဖူးပါတယ်။

ဇာတ်ကားကောင်းတစ်ကားပါ။ ကျွန်တော်ပြောခဲ့သလိုပဲ ဒီကားက Superhero ကားဖြစ်ပြီး၊ ထူးထူးဆန်းဆန်းတွေ တွေ့ရမှာဖြစ်သလို၊ ယုတ္တိမဲ့တာတွေလည်းတွေ့လာမှာပါ။ Superman လေထဲပျံတာ၊ Thor မိုးကြိုးပစ်တာမျိုးလို့ပဲ သဘောထားကြည့်ရင် ရုပ်ရှင်ကောင်းတာကိုသိနိုင်ပါတယ်။ Marvel က သမရိုးကျမဟုတ်တဲ့ ကာရိုက်တာတွေ တစ်နှစ်တစ်ယောက် မိတ်ဆက်နေသလို ပရိတ်သတ်ကလည်း လက်ခံနေပါတယ်။ မနှစ်က Talking Tree (Groot) နဲ့ Talking Raccoon (Rocket) တို့ကို မိတ်ဆက်ပေးခဲ့သလို၊ ဒီနှစ် လည်း ပုရွက်စိတ်တွေကိုထိမ်းချုပ်ပြီး လိုသလို ချုံ့ချဲ့လို့ရတဲ့ Ant-Man နဲ့မိတ်ဆက်ပေးခဲ့ပါတယ်။ နောက်နှစ်တွေမှာ မှော်စွမ်းအားတွေပိုင်ဆိုင်တဲ့ မှော်ဆရာကြီး Dr.Strange နဲ့ မိတ်ဆက်ပေးဦးမှာဖြစ်ပါတယ်။ ဒီတော့ အမြင်ကျယ်ကျယ်ထားပြီး ရုပ်ရှင်ကို ရုပ်ရှင်လိုခံစားရင် တကယ်ကြည့်လို့ကောင်းပါတယ်။

ဇာတ်လမ်းက ပေါ့ပေါ့ပါးပါးနဲ့ အက်ရှင်ဇာတ်ကားကောင်းကောင်း အဖြစ်ရိုက်ကူးထားတာ တွေ့ရမှာဖြစ်ပြီး၊ ပရိတ်သတ်နဲ့လုံးဝစိမ်းနေတဲ့ ဇာတ်ကောင်တစ်ကောင်ကို မိတ်ဆက်ပေးထားတာဖြစ်ပါတယ်။ ကြည့်လို့ကောင်းတဲ့ ဇာတ်ကားကောင်းတစ်ကားပါ။ Special Effect တွေလည်းကောင်းသလို Marvel Universe က ဟီးရိုးတစ်ယောက်ပြီးတစ်ယောက်တိုးလာ နေပြီး ဒီကားမှာ Falcon က ခဏပါဝင်ထားပါတယ်။ ရုံမှာကြည့်ဖို့တန်ပြီး မိသားစုတူတူကြည့်နိုင်ပါတယ်။ No Sex, No Nudity ပါ။ ဒီအထိကတော့ ဇာတ်ကား Review ဖြစ်ပြီး အောက်မှာတော့ Spoiler Review ထည့်ပေးထားပါတယ်။

---------------------------Character Introduction---------------------------

Marvel Comic တွေထဲမှာ Ant-Man ၀တ်စုံကို လူလေးယောက်က ၀တ်ဆင်ဖူးပါတယ်။ ပထမဆုံး တစ်ယောက်ကတော့ Hank Pym ဖြစ်ပြီး သူက ဒီဝတ်စုံကို တီထွင်ခဲ့သူဖြစ်ပြီး ၀တ်စုံမှာအဓိက သုံးတဲ့ Pym particle တွေကိုတီထွင်ခဲ့သူဖြစ်ပါတယ်။ Hank Pym နဲ့ Janet Van Dyne တို့က Ant-Man နဲ့ The Wasp အဖြစ် နာမည်ကြီးသလို Superhero လင်မယားလည်းဖြစ်ပါတယ်။ ဒါ့အပြင်သူတို့နှစ်ယောက်က Iron-Man, Hulk, Thor တို့နဲ့အတူတွဲပြီး Avengers အဖွဲ့ကိုစတင်ခဲ့တဲ့ ပင်တိုင်အဖွဲ့ဝင်နှစ်ဦးဖြစ်ပါတယ်။ (Captain America ကိုနောက်မှ ရေခဲထဲကြားထဲကနေ Iron-man က ရှာတွေ့ခဲ့တာဖြစ်ပါတယ်။) Hank Pym က Marvel Universe မှာ ဦးနောက်အကောင်းဆုံး Top 3 Geniuses ထဲမှာ တစ်ဦးအပါအ၀င်ဖြစ်ပြီး ကျန်နှစ်ယောက်ကတော့ Tony Stark (Iron-Man) နဲ့ Reed Richard (Fantastic Four) တို့ဖြစ်ပါတယ်။

နောက်တစ်ဦးကတော့ ဒီကားထဲက အဓိက ဇာတ်ကောင်ဖြစ်တဲ့ Scott Lang ဖြစ်ပါတယ်။ Scott က ဇာတ်ကားထဲကလိုပဲ သူခိုးတစ်ယောက်ဖြစ်ပြီး၊ ကာတွန်းထဲမှာ သူသမီးလေးကို ကယ်ဖို့အတွက် Ant-Man ရဲ့ ၀တ်စုံကို ခိုးယူခဲ့တာဖြစ်ပါတယ်။ ဒီအချိန်မှာ ပထမ Ant-Man ဖြစ်တဲ့ Hank Pym  ကလည်း ဟီးရိုးဘ၀ကိုစိတ်ကုန်နေတဲ့အပြင် သိပ္ပံပညာဖက်ကိုပြန်လှည့်နေတာကြောင့် Scott ကို Ant-Man အဖြစ်နဲ့ နေစေခဲ့ပြီး ၀တ်စုံလည်းပေးခဲ့ပါတယ်။ ဒီနောက်မှာ Hank Pym က Yellow Jacket ဖြစ်သွားခဲ့ပါတယ်။ ရုပ်ရှင်ထဲမှာတော့ Yellow Jacket က ဗီလိန်အဖြစ်ပါဝင်ထားပါတယ်။

ကျန် ၂ယောက်က ခဏတဖြုတ်ပဲဝတ်ဆင်ခဲ့တာဖြစ်ပြီး၊ ဘယ်သူမှတောင်သိပ်မသိကြပါဘူး။ Chris McCarthy နဲ့ Eric O Grady ဆိုတဲ့ SHIELD agent နှစ်ယောက်ဖြစ်ပြီး Chris က ၀တ်စုံဝတ်ပြီး မကြာခင်ပဲ အသတ်ခံလိုက်ရလို့ Eric က Chris ဆီက တဆင့် ထပ်ယူဝတ်ဆင်ပြီး Ant-Man ဖြစ်လာတာပါ။ ဒါကလည်း Alternate story မှာဖြစ်လို့ သိပ်အရေးမပါလှပါဘူး။

------------------------------Movie Review Spoiler---------------------------------------

Hank က သူ့သမီးကိုကျော်ပြီး Scott ကိုရွေးချယ်ရတဲ့အကြောင်းအရင်းကိုပြန်ပြောပြတဲ့ အချိန်မှာ သူ့ရဲ့အကြောင်းကိုပါ သိလိုက်ရပြီး၊ Comic ပရိတ်သတ်တွေကိုရည်ရွယ်ပြီး ဇာတ်ဝင်ခန်းတစ်ခန်းကို ထည့်ပေးထားပါတယ်။ Hank က အရင်တုန်းကတည်းက Ant-Man အဖြစ်နဲ့ အစိုးရအတွက် အလုပ်လုပ်ပေးခဲ့ဖူးပြီး၊ Mission တွေတော်တ်ာများများလုပ်ခဲ့ဖူးပါတယ်။ တစ်ကိုယ်တော် Mission တွေရှိသလို၊ သူမိန်းမ ဖြစ်သူ Janet Van Dyne ကလည်း သူနဲ့ အတူလိုက်ဖို့ခွင့်တောင်းတာကြောင့် မိန်းမနဲ့အတူတွဲလုပ်ခဲ့တာလည်း ရှိပါတယ်။ ဒီမှာ Hank ကသူ့သမီးကိုရှင်းပြနေတာဖြစ်ပြီး၊ သူမရဲ့ မိခင်က The Wasp အဖြစ်နဲ့ နာမည်ကြီးတယ်လို့ ပြောခဲ့ပါတယ်။ ဒီခန်းမှာ Ant-Man နဲ့ The Wasp ကိုတူတူတွဲတွေ့ရပြီး ဒီ Mission မှာ သူတို့နှစ်ယောက်က Nuclear ဒုံးကျည်ကို ရပ်တန့်ဖို့လုပ်နေတာဖြစ်ပြီး၊ The Wasp က သူမကိုသူမ စတေးပြီး ဒုံးကျည်ကို ဖျက်ဆီးနိုင်ခဲ့ပါတယ်။

ဒုံးကျည်ထဲက Circuit ထဲကိုဝင်ဖို့ဆိုရင် Molecule ထက်ပိုသေးအောင် ချုံ့ရမှာဖြစ်ပြီး ဒီလို သေးသွားပြီးရင် အဲ့ဒီ သူက Quantum Realm ထဲကိုရောက်သွားပြီး ပြန်ထွက်လို့မရတော့ပါဘူး။ ဒီထဲရောက်သွားပြီးရင် ပြန်ထွက်လို့မရတော့ဘူးလို့ဆိုပါတယ်။ Hank က သူ့မိန်းမကို ပြန်ကယ်ဖို့ကြိုးစားပေမယ့် အရာမထင်ခဲပါဘူး။ ဒါကြောင့် သူ့သမီးကို ဒီဝတ်စုံမစေချင်တာဖြစ်တယ်လို့ဆိုပါတယ်။ ဒါပေမယ့် ဇာတ်လမ်းအဆုံးမှာတော့ Scott က Quantum Realm ထဲရောက်သွားပေမယ့် ပြန်ထွက်လာနိုင်ခဲ့တာကြောင့် တစ်ချိန်မှာ Janet Van Dyne ကို ပရိတ်သတ်တွေတွေ့ရနိုင်တယ်လို့ထင်ပါတယ်။

ဒါ့အပြင် ဒီကားမှာ End Credit scene နှစ်ခုပါလို့ ပရိတ်သတ်ကြီးစာတမ်းလုံးဝကုန်တဲ့အထိကြည့်ကြည့်ကြ ပါလို့ပြောချင်ပါတယ်။ ပထမ တစ်ခန်းက ဒီကားနဲ့ဆိုင်ပြီး နောက်တစ်ခန်းက Avengers နဲ့ဆိုင်ပါတယ်။

Comments

Popular posts from this blog

RoboCop (2014) - Movie Review

The Loft

Guardians of the Galaxy: Vol 2