Unthinkable

Unthinkable

#ရုပ်ရှင်မိတ်ဆက်

Unthinkable ဆိုတဲ့ ရုပ်ရှင် ဇာတ်ကားမှာ မင်းသားကြီး Samuel L Jackson အဓိက ပါဝင်သရုပ်ဆောင်ထားပြီး၊ မင်းသမီး Carrie-Anne Moss, နဲ့ ဗြိတိန်မင်းသား Michael Sheen တို့ ပါဝင်ထားပါတယ်။

ဒီကားရဲ့ ဇာတ်လမ်းက ရိုးရိုးလေးနဲ့ ရှင်းရှင်းလင်းရှိပေမယ့်၊ ဇာတ်ကားကတော့ တကယ်စိတ်ဝင်စားဖို့ကောင်းပါတယ်။ ဇာတ်လမ်းကတော့ Michael Sheen က အမေရိကန်နိုင်ငံသားဖြစ်ပြီး၊ စစ်မှုထမ်းခဲ့ဖူးသူတစ်ဦးဖြစ်ပါတယ်။ ဒါပေမယ့် သူက မူဆလင်ဘာသာ ကိုးကွယ်သူဖြစ်ပြီး အမေရိကန်က မွတ်ဆလင်နိုင်ငံတွေမှာ ခြယ်လှယ်နေတာကို ရပ်တန့်ဖို့အတွက် Nuclear ဗုံး ၃ လုံးကို အမေရိကန်နိုင်ငံက မြို့ ကြီးသုံးမြို့ မှာထောင်ထားကြောင်း အသိပေးပြီး ကိုယ်တိုင်အဖမ်းခံခဲ့ပါတယ်။

ဗုံးတွေက ၆ရက်အကြာမှာ ပေါက်ကွဲမှာဖြစ်လို့ အစိုးရက Special Interrogator ဖြစ်တဲ့ Sam Jackson ကို ခေါ်ပြီး စစ်ဆေးစေပါတယ်။ Sam Jackson က Terrorist တွေ၊ ရန်သူသုံ့ပန်းတွေကို စစ်တပ်က ဖမ်းမိတဲ့အခါ စစ်ဆေးပေးရတဲ့ သူဖြစ်ပြီး သူရဲ့ Method ကတော့ တရားမ၀င်နည်းလမ်းတွေဖြစ်တဲ့ ညှင်းပန်းနှိပ်ဆက် ပြီးစစ်ဆေးတဲ့ နည်းလမ်းဖြစ်ပါတယ်။ ဒါကြောင့် FBI Agent တစ်ဦးဖြစ်တဲ့ Carrie-Anne က လက်မခံချင်ပေမယ့်လည်း Michael Sheen ရဲ့ Nuclear ဗုံးတွေက တကယ့် Nuke အစစ်တွေဖြစ်သလို၊ ကြားထဲ့မှာလည်း Shopping Mall မှာ C4 တစ်လုံးကို ခွဲပြခဲ့တာကြောင့် အားလုံးက Sam Jackson ကိုဆက်ပြီးစစ်ဆေးစေခဲ့ပါတယ်။

Michael Sheen ရဲ့ ဇာတ်ကောင်က သာမန်အကြမ်းဖက်သမားတွေနဲ့ မတူတဲ့ အချက်ရှိပါတယ်။ သူက တမင်အဖမ်းခံခဲ့သလို အနှိပ်စက်ခံဖို့ကိုလည်း ကြိုပြင်ဆင်ထားပါတယ်။ ဒါကြောင့် ဘယ်လို နှိပ်စက်နှိပ်စက်၊ လက်ချောင်းတွေ ဘယ်လောက်ဖြတ်ဖြတ် သူကတော့ ဗုံးတွေရှိတဲ့နေရာကို ပြောမှာမဟုတ်ပါဘူး။ နောက်တစ်ချက်က သူတောင်းဆိုတဲ့ အချက်၂ချက်က သူများတွေနဲ့မတူပါဘူး။ သူတောင်းဆိုတာက အမေရိကန်အနေနဲ့ မူဆလင်နိုင်ငံမှာ သူတို့ စင်တင်ထားတဲ့ အစိုးရအဖွဲ့ တွေကို ဆက်ပြီးမထောက်ပံ့ဖို့ နဲ့ အမေရိကန်တပ်တွေကို မူဆလင်နိုင်ငံတွေကနေ ဆုပ်ခွါပေးဖို့ပါ။ ဒီလိုဖို့ အချိန်ယူရမယ်ဆိုတာ သူနားလည်ကြောင်းနဲ့ လုပ်မယ်လို့ သမ္မတက ကြေငြာပေးရင်ပဲ ဗုံးတွေရှိတဲ့နေရာကို ပြောပြပေးမယ်လို့ တောင်းဆိုပါတယ်။

ဒါကို လက်ခံဖို့ Sam Jackson နဲ့ အခြားသူတွေကပြောပေမယ့် CIA က လက်မခံခဲ့ပါဘူး။

ဒီလိုနဲ့ ဗုံးပေါက်ဖို့ အချိန် ၃နာရီလောက်အလိုမှာ FBI က တရားခံရဲ့ မိန်းမနဲ့ ကလေးနှစ်ယောက်ကို ဖမ်းမိသွားတဲ့အချိန်မှာ Sam Jackson က သူ့မိသားစုကိုပါ အသုံးချပြီး မေးမြန်းဖို့ နောက်ဆုံးလိုအပ်ရင် ကလေးနှစ်ယောက်ကိုပါ သုံးပြီး မေးမြန်းဖို့ ပြောလာခဲ့ပါတယ်။

ဇာတ်လမ်းက ရိုးရှင်းပေမယ့်နောက်ဆုံး အဆုံးသတ်ပိုင်းလေးက အတော်ကို ထူးခြားပါတယ်။ စိတ်ဝင်စားဖို့လည်းကောင်းပါတယ်။ ဇာတ်ကားထဲက သရုပ်ဆောင်တွေ အကုန်ကောင်းကြပြီး၊ Sam Jackson ကလည်း တကယ့်ကို ကြောက်စရာကောင်းတဲ့ ကာရိုက်တာအဖြစ် ရက်ရက်စက်စက် သရုပ်ဆောင် နိုင်သလို၊ Michael Sheen ရဲ့ ဇာတ်ကောင်ကလည်း သရုပ်ဆောင်ပီပြင်သလို ဇာတ်ညွှန်းကောင်းတာကြောင့် အစပိုင်းမှာ သူ့ကိုတောင် ပြန်ပြီးသနားမိနေပါတယ်။

ဒါပေမယ့် ဇာတ်လမ်းဇာတ်ရှိန် တက်လာတာနဲ့ အမျှ ဇာတ်ညွှန်းဆရာတွေပညာသားပါပါ ရေးသားမှုကြောင့်လည်းကောင်း၊ သရုပ်ဆောင်ကောင်းတွေကြောင့်လည်းကောင်း သူတို့နှစ်ယောက် ရဲ့ဇာတ်ကောင် စရိုက် အစစ်အမှန်ကိုစတင်တွေ့လာရပါတယ်။ Sam Jackson က ရက်စက်တတ်ပေမယ့်လည်း အတွင်းထဲမှာတော့ လူစိတ်ရှိတုန်းပဲဆိုတာ ပေါ်လွင်လာသလို၊ Michael Sheen ကလည်း လူယုတ်မာစရိုက် ကို တဖြည်းဖြည်းပြလာပါတယ်။

ဒီကားက Graphic Violence တွေကို ဇာတ်အိမ်တည်ဆောက်ထားတာ ဖြစ်လို့ လူငယ်တွေကြည့်ဖို့မသင့် တော်ပါဘူး။ Sex နဲ့ Nudity မပါလို့ မိသားစုတူတူကြည့်နိုင်ပေမယ့် ကလေးတွေ မကြည့်သင့်ပါဘူး။ ဇာတ်ကားကောင်းတစ်ကားဖြစ်ပြီး၊ တစ်ကားလုံး ရင်တစ်ထိတ်ထိတ်နဲ့ကြည့်ရမှာဖြစ်ပါတယ်။

ဇာတ်လမ်းရဲ့ ထူးခြားချက်က အခြားကားတွေလို မင်းသား၊ မင်းသမီးကို စိုးရိမ်ရတာမဟုတ်ပဲ၊ အဓိက ဗီလိန်နဲ့ သူမိသားစုအတွက် စိုးရိမ်ပေးနေရမှာဖြစ်သလို၊ Nuclear ဗုံးတွေအတွက်လည်း စိတ်ပူနေရမှာဖြစ်ပါတယ်။


#Sololay

Comments

Popular posts from this blog

RoboCop (2014) - Movie Review

Guardians of the Galaxy: Vol 2

Power Ranger (2017) - Movie Review