The Hunger Games: Mockingjay - Part 1

The Hunger Games: Mockingjay - Part 1
:) :) :) :) :) :) :) -_- -_- -_-

#ရုပ်ရှင်မိတ်ဆက်

ဒီကားကတော့ လက်ရှိ အမေရိကား မှာ ရုံဝင်ကြေးအများဆုံး ရထားတဲ့ကားဖြစ်ပြီး ဒီနှစ်ရဲ့ ရုံဝင်ကြေးအများဆုံးရထားတဲ့ Guardians of The Galaxy (အမေရိကားမှာ 331 သန်း) ကိုကျော်ဖြတ်တော့မှာဖြစ်ပါတယ်။ လက်ရှိအချိန်မှာ သန်း ၂၀၀ ကျော်သွားပြီဖြစ်ပြီး ရုံတင်တာ ၂ပတ်ပဲရှိပါသေးတယ်။

ဇာတ်လမ်းကတော့ အရင်ဇာတ်ကားတွေနဲ့မတူတော့ပါဘူး။ Hunger Game တွေမလာတော့ပဲနဲ့ ဒီကားက နိုင်ငံရေးတွေပါလာပြီး၊ လူတွေ ထကြွပုံကန်ကြတဲ့ ဇာတ်လမ်းမျိုးဖြစ်သွားပါပြီ။ ဒီကားကို စာအုပ်ဖတ်ထားဖူးတဲ့ သူတွေက ကြိုက်ကြမှာဖြစ်ပြီး၊ သာမန်ပရိတ်သတ်တွေ အတွက်ကတော့ အနည်းငယ် ပျင်းဖို့ကောင်းမှာပါ။

ဒုတိယဇာတ်ကား Hunger Games: Catching Fire အပြီးမှာ Katniss က Hunger Games Stadium ကိုဖျက်ဆီးလိုက်ပြီးတဲ့ နောက်ကနေဆက်ထားပါတယ်။ Katniss ကို ကယ်တင်ပြီးတဲ့နောက် သူမကို District 13 ကိုပြန်ခေါ်သွားပြီး သူပုန်ခေါင်းဆောင် President Alma Coin နဲ့ တွေ့ဆုံခဲ့ပါတယ်။ ဇာတ်လမ်းမှာ President Coin က ခေါင်းဆောင်ဖြစ်ပေမယ့် ပြည်သူတွေအကုန် ပူးပေါင်း ပြီး နေပြည်တော်ကို (Capitol) တွန်းလှန်ဖို့ဆိုရင်၊ ပြည်သူတွေ မျက်စိထဲမှာ လူစွမ်းကောင်းလို့ မြင်နေတဲ့ Katniss ကို ဦးဆောင်ခိုင်းမှ၊ Katniss ပါ ပါဝင်ပြီး တွန်းလှန်မှာ လူတွေအကုန် သူမနောက်က ပါလာမှာဖြစ်ပါတယ်။

ဒီဇာတ်ကားက The Hunger Games: Mockingjay Part 2 အတွက် အရှိန်ယူနေတာဖြစ်လို့ Catching Fire လောက်မကောင်းပေမယ့်၊ ဇာတ်လမ်း ဇာတ်ကွက်ကတော့ ကောင်းပါတယ်။ သရုပ်ဆောင်တွေကလည်း ပီပြင်သလို ကလေးအကြိုက်စာအုပ်ကို ရုပ်ရှင် ပြန်ရိုက်ထားတယ်လို့ မထင်ရအောင် ဇာတ်ညွှန်းတွေကလည်း ကောင်းလှပါတယ်။ ဒီ Hunger Games စာအုပ်တွေက ဆယ်ကျော်သက် မိန်းကလေး ပရိတ်သတ်တွေ အတွက် အဓိက ထုတ်ဝေထားတာဖြစ် တာကြောင့် ဇာတ်လမ်းအားဖြင့်တော့ အရမ်းကြီးမကောင်းပါဘူး။ ဒါပေမယ့် ရုပ်ရှင်က လူတိုင်း ကြည့်လို့ ရအောင် ပညာသားပါပါရိုက်ကူးထားနိုင်ပါတယ်။

အထူးသဖြင့်ဒီကားမှာ ပရိတ်သတ်အချို့ နဲ့ ရုပ်ရှင်ဝေဖန်သူတွေ အမြင်နှစ်မျိုးကွဲနေကြတာရှိပါတယ်။ ဒီကားမှာ Katniss က Peter ကိုပဲ တစ်ချိန်လုံး လိုက်ရှာနေပြီး၊ Peter ကိုမှ ခေါ်မလာပေးရင်၊ မကယ်တင်ပေးရင်၊ သူမလည်း လူတွေကို ဦးမဆောင်ဖူးလို့ တောင်ပြောခဲ့ပါတယ်။ ဒါကြောင့် အချို့သူတွေက ဒီလို Sci-fi/Action ဇာတ်ကားမှာ ကလေးကလား အချစ် ဇာတ်လမ်းကို မရမက ထည့်သွင်းရိုက်ကူးထားတာကို ဝေဖန်ခဲ့ကြပါတယ်။

ကျွန်တော့်အမြင်ကတော့ Katniss က ရုတ်တရက် သူမ လုံးမသိထားတဲ့ တော်လှန်ရေးထဲကို ဆွဲသွင်းခံလိုက်ရပြီး၊ ဘုမသိဘမသိ ဖြစ်နေသလို၊ သူမ မရင်းနှီးတဲ့ လူတွေ ခိုင်းတာလုပ်နေရပါတယ်။ဒါ့အပြင် Peter က ပထမဇာတ်ကားမှာထဲက သူမ နဲ့အတူ သေဖော်သေဖက် အဖြစ်ရှိနေခဲ့တာကြောင့်  ဒီလို အချိန်မှာ သူမအနေနဲ့ အမေနဲ့ညီမအပြင် တွယ်တာစရာ Peter ကိုပဲ ကယ်တင်ဖို့ ကြိုးစားနေတယ်လို့ ထင်ပါတယ်။

တစ်ချို့နေရာတွေမှာ ဆယ်ကျော်သက်အချစ်ဇာတ်လမ်းမျိုး၊ မြန်မာအချစ်ဇာတ်ကားမျိုး ဖြစ်သွားပေမယ့် ဇာတ်လမ်းအရ ပါသင့်တယ်လို့ ထင်ပါတယ်။

ဇာတ်ကားကောင်းတစ်ကားပါ။ ပထမနှစ်ကားလောက် အက်ရှင်မများပေမယ့် Hunger Games ဇာတ်ကားကို ကြိုက်သူတွေကတော့ နှစ်သက်ကြမှာပါ။ No Sex, No Nudity ဖြစ်ပြီး မိသားစု တူတူကြည့် နိုင်ပါတယ်။ မိန်းကလေးတွေ ကို စိတ်ဓါတ်ခိုင်မာစေအောင် ညွှန်ပြပေးမယ့် ဇာတ်ကားကောင်း တစ်ကားဖြစ်ပါတယ်။ ရုံမှာသွားကြည့်သင့်ပါတယ်။

#Sololay

https://www.facebook.com/MoviesforMyanmar/photos/a.1576262549260503.1073742031.1415033035383456/1576262559260502/?type=1&theater

Comments

Popular posts from this blog

RoboCop (2014) - Movie Review

Guardians of the Galaxy: Vol 2

Power Ranger (2017) - Movie Review