Interstellar

Interstellar (2014) - Movie Review
:) :) :) :) :) :) :) :) -_- -_-
#ရုပ်ရှင်မိတ်ဆက်

ဒီကားကတော့ ထွက်တာကြာပြီဖြစ်ပေမယ့် မအားလို့မတင်ပေးဖြစ်တဲ့ကားပါ။ ဒီကားက ဒါရိုက်တာ Nolan ရဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပေမယ့် ၀င်ငွေတော့သိပ်မကောင်းခဲ့ပါဘူး။ အကြောင်းအရင်းကတော့ ဒါရိုက်တာက ဒီကားကို ကြည့်တဲ့သူတွေ အာကာသထဲရောက်နေ ခံစားချက်မျိုးရအောင် ရိုက်ကူးထားတဲ့အတွက် ဒီကားကို 70mm IMAX, 70mm Film, Regular IMAX တွေမှာပဲ ပြသ ခွင့်ပြုခဲ့ပြီး၊ 35mm Film, 35mm Regular, 4k Digital, Regular Digital နဲ့ပြတဲ့ ရုံတွေမှာ သူ့ကားကို ပြခွင့်မပြုခဲ့ပါဘူး။ ဒါကြောင့် အမေရိကားမှာဆို ရုံတွေရဲ့ ၇၀ ရာခိုင်နှုန်းလောက်ပဲ ပြသနိုင်ခဲ့ပြီး၊ တစ်ချို့ ရပ်ကွက်တွေကလူတွေ ဆို မကြည့်ရတဲ့သူတွေတောင်ရှိပါတယ်။

ဇာတ်လမ်းကလည်း Inception လိုပဲ တွေးသသ ဖြစ်စေမယ့် ဇာတ်လမ်းမျိုးဖြစ်ပြီး၊ ကျွန်တော်ဆို Review သေချာရေးဖို့အတွက်၂ခါလောက်ပြန် ကြည့်ခဲ့ရပါတယ်။ ဇာတ်လမ်းအစမှာ ကမ္ဘာကြီးက မြေဆီမြေသြဇာတွေ ကုန်ခမ်းလာပြီး အစားအသောက်ရှားပါးလာပါတယ်။ ဒီကြားထဲသဲမုန်တိုင်းကလည်း တိုက်လိုက်ပါသေးတယ်။ Cooper (Matthew McConaughey) က အရင်တုန်းက အင်ဂျင်နီယာတစ်ဦး ဖြစ်သလို အာကာသ ယာဉ်မှုးတစ်ဦးလည်းဖြစ်ပြီး လက်ရှိမှာတော့ လယ်သမားအဖြစ်နဲ့ ပြောင်းခင်းတွေကို စိုက်ပျိုးနေရပါတယ်။

ဒီလိုနဲ့တစ်နေ့မှာ NASA ရဲ့ အာကာသ စခန်းတစ်ခုကိုအမှတ်မထင်တွေ့သွားပြီး (ဘာလို့တွေ့သွားလည်းဆိုတာကို ရှင်းပြရင် Spoiler ဖြစ်နေလို့ Spoiler version ထပ်တင်ပေးမှ သေချာရေးပေးပါ့မယ်။) တစ်ခြားဂြိုလ်တွေကို သွားရှာမယ့် အစီအစဉ်ကို သိလိုက်ရပြီး သူ့ကို ပိုင်းလော့လုပ်ပေးဖို့ တောင်းဆိုတာကို လက်ခံလိုက်ပါတယ်။

သိပ္ပံပညာရှင်တွေက လွန်ခဲ့တဲ့ နှစ်၅၀ ထဲက ကမ္ဘာပေါ်မှာ သံလိုက်စက်ကွင်းတွေ ကမ္ဘာမြေကြီးရဲ့ ဆွဲအား ဖောက်လွဲဖောက်ပြန်ဖြစ်တာတွေကို သတိထားမိရာကနေ Saturn ဂြိုလ် (စနေဂြိုလ်) နားမှာ Black Hole တစ်ခု လာပွင့်နေတာကို တွေ့ရှိထားပါတယ်။ ဒီ Blackhole ကို တစ်ခြားဂြိုလ်သားတွေက လူတွေကို ကူညီဖို့ ဖန်တီးပေးထားဖြစ်ပြီး၊ NASA က ဒါကြောင့် အဲ့ဒီတုန်းကထဲက လေ့လာနေခဲ့ပြီး Drone တွေလွှတ်ကာ လူတွေနေထိုင်လို့ရလောက်မယ့်ဂြိုလ်တွေကို ရှာဖွေခဲ့ပါတယ်။ ဒီလိုနဲ့ လွန်ခဲ့တဲ့ ၁၀နှစ်ကျော်တုန်းက  သိပ္ပံပညာရှင် ၁၃ ဦးကို ဂြိုလ်၁၃ ခုကို စေလွှတ်ခဲ့ပြီး လေ့လာစေခဲ့ပါတယ်။ တကယ်လို့ သူတို့ရောက်နေတဲ့နေရာ လူနေလို့မရရင် သူတို့ကို ပြန်ကယ်နိုင်မှာမဟုတ်ပဲ အသေခံရမှာ ဖြစ်ပါတယ်။ ဒီထဲကမှ ၃ယောက်က သတင်းပြန်ပို့လာပြီး သူတို့ပေးပို့တဲ့အချက်အလက်တွေက လည်း စိတ်ဝင်စားဖို့ကောင်းနေပါတယ်။

ဒါကြောင့် Cooper တို့အလုပ်က အဲ့ဒီ Planet သုံးလုံးကို သွားလေ့လာပြီး သတင်းပြန်ပို့ရမယ်လို့ပြောပါတယ်။ ဒီနေရာမှာ လူသားတွေကို ဘယ်လိုကယ်တင်မလည်းဆိုတော့ Professor Brand (Michael Caine) က Plan နှစ်ခုရှိကြောင်းရှင်းပြပါတယ်။ Plan A က Prof. Brand က fifth-dimensional physics နဲ့ဆိုင်တဲ့ Equation ကို ဖြေရှင်းဖို့ကြိုးစားမှာဖြစ်ပြီး၊ ဒီ ပြသ၁နာကို အဖြေ ရှာနိုင်ခဲ့ရင် လူတွေ နားမလည်နိုင်တဲ့ Alien Physics ကို သဘောပေါက်နားလည်မှာဖြစ်ပြီး၊ ကမ္ဘာပေါ်မှာ ရှိသမျှလူတွေ အာကာသ စခန်းဆောက်ပြီး အာကာသထဲမှာ ထားနိုင်မယ်လို့ ဆိုပါတယ်။ (Alien Physics ဆိုတာ Blackhole ဖွင့်တဲ့ နည်းပညာလိုမျိုး ဖြစ်တယ်လို့ဆိုပြီး Saturn နားက Blackhole ကိုလေ့လာ ရာကနေ ရလာတဲ့ Equation ဖြစ်ပါတယ်။)

Plan B ကတော့ လူတွေတော်တော်များများရဲ့ မျိုးစိတ်တွေကနေ သန္ဓေတည်ထားတဲ့ မျိုးဥတွေကို စုထားပြီး Cooper တို့နဲ့ ယူသွားဖို့ဖြစ်ပါတယ်။ တကယ်လို့သာ Plan A မအောင်မြင်ခဲ့ရင် Cooper တို့က လူတွေနေလို့ရလောက်တဲ့ Planet မှာ အခြေချနေပြီး ဒီမျိုးဥတွေကနေ သားဖောက် လူတွေ မွေးပြီး လူသား မျိုးနွယ် မပျက်သုံးအောင် လုပ်ဆောင်ရမှာဖြစ်ပါတယ်။

သားတစ်ယောက် သမီးတစ်ယောက်ရှိတဲ့ Cooper က Plan B ကို မကြိုက်ပေမယ့် Prof. Brand က Plan A အောင်မြင်မယ်လို့ အာမခံခဲ့ပါတယ်။ သူတို့ သွားရမှာ နှစ်ပေါင်းများစွာကြာမှာဖြစ်ပြီး မင်းတို့ပြန်ရောက်တဲ့အချိန်ဆို ဒီ Equation ကိုဖြေရှင်းပြီးလောက်ပြီလို့ ဆိုခဲ့ပါတယ်။

ဒီလိုနဲ့ သူတို့အဖွဲ့ စတင်ထွက်ခွာတော့ Cooper ရဲ့ ၁၀ နှစ်သမီးလေးက အဖေကို မသွားစေချင်ခဲ့ပါဘူး။ အဖေ့ကိုလည်း လုံးဝမကြည်ပဲ Video message တောင်မပို့ခဲ့ပါဘူး။ ကမ္ဘာမြေကြီးကနေ Warmhole ရှိတဲ့ စနေဂြိုလ် ကိုအရောက်သွားဖို့တောင် ၁၈ လကြာမှာဖြစ်တဲ့အတွက် Cooper တို့အဖွဲ့က Underwater sleep လို့ခေါ်တဲ့ အနားယူချင်းပုံစံနဲ့ အိပ်နေခဲ့ရပါတယ်။ ဒီလိုအိပ်စက်ခြင်းအားဖြင့် Computer တွေ Laptop တွေမှာ ပါတဲ့ Hibernation လို့ခေါ်တဲ့ အိပ်စက်ခြင်းမျိုးဖြစ်သွားပြီး၊ သူတို့ရဲ့ လက်ရှိအသက်အရွယ်၊ ကို ထိမ်းထားသလို၊ အစားအသောက်စားဖို့လည်းမလိုတော့ပါဘူး။

Cooper တို့အဖွဲ့ ကို Endurance လို့ခေါ်ပြီး  Cooper နဲ့အတူ Prof. Brand ရဲ့သမီး biologist Amelia (Anne Hathaway), scientists Romilly (David Gyasi), Doyle (Wes Bentley) တိုနဲ့အတူ စက်ရုပ်နှစ်ရုပ်ဖြစ်တဲ့ robots TARS and CASE တို့ ပါဝင်ပါတယ်။

ဒီလိုနဲ့ Blackhole ကိုဖြတ်ပြီး ပထမဆုံး Planet ကိုသွားကြည့်တဲ့ အခါမှာ အခက်အခဲစကြုံလာပါတယ်။ ဒီဂြိုလ်က Warmhloe နဲ့နီးနေလို့ (အလွယ်တူရှင်းပြတာပါ။) ဆွဲအားအရမ်းများနေတဲ့အတွက် သူ့ဆီမှာ တစ်နာရီ နေရင် ကမ္ဘာကြီးပေါ်မှာ အချိန် ၇နှစ်ကြာတယ်လို့ ဆိုပါတယ်။ ဒါကြောင့် ဒီ ဂြိုလ်ကနေ ပြန်လာ ပြီးတဲ့ အချိန်မှာ ၂၃ နှစ်ကြာသွားပြီဖြစ်သလို Cooper ရဲ့ သမီးက သူနဲ့ရွယ်တူဖြစ်နေ တာကို Video message ကနေ တွေ့လိုက်ရပါတယ်။ ဒီအပြင် သူတို့မှာ နောက်ထပ် ဂြိုလ်နှစ်ခုကို ဆက်သွားဖို့ လောင်စာအလုံလောက်မရှိတော့ပဲ (နှစ်ခုလုံးကိုသွားလို့ရပေမယ့် ကမ္ဘာပေါ်ကိုပြန်ဖို့ မလောက်တော့ပါဘူး။ Cooper ကသူ့သမီးကိုလည်း ကယ်ချင်သေးတာကြောင့်) တစ်ခုကိုပဲသွားနိုင်မှာဖြစ်လို့ ရွေးချယ်ရမှာဖြစ်ပြီး မှန်ကန်တဲ့ရွေးချယ်မှုဖြစ်မလားဆိုတာတော့ ပရိတ်သတ်ကြီး ကိုယ်တိုင် ကြည့်ကြည့်ကြပါလို့ ပဲ တိုက်တွန်းလိုက်ပါတယ်။

ရုံမှာ 3-D နဲ့ကြည့်သင့်တဲ့ကားဖြစ်ပြီး IMAX 3D နဲ့ကြည့်သင့်ပါတယ်။ ဇာတ်ကားကောင်းတစ်ကားဖြစ်ပေမယ့် အဆုံးသတ်ပိုင်းက အနည်းငယ် အဖျားရှူးသွားသလို ခံစားရပါတယ်။ အထူးသဖြင့် Disney ပုံစံ အဆုံးသတ်မျိုးဖြစ်လို့ ပရိတ်သတ်တစ်ချို့ မကြိုက်ကြပေမယ့် ဇာတ်ကားက တော့ တော်တော်ကောင်းပါတယ်။ သိပ္ပံပညာစိတ်ဝင်စားတဲ့သူတွေ Sci-Fi ကြိုက်တဲ့သူတွေ အကြိုက်တွေ့စေမှာဖြစ်ပြီး မိသားစုတူတူ ကြည့်နိုင်ပါတယ်။

ဇာတ်ကားကောင်းတစ်ကားပါ။

#Sololay

https://www.facebook.com/MoviesforMyanmar/photos/a.1587893641430727.1073742036.1415033035383456/1587894561430635/?type=1&theater






Comments

Popular posts from this blog

RoboCop (2014) - Movie Review

Guardians of the Galaxy: Vol 2

Power Ranger (2017) - Movie Review