The Expendables 3

The Expendables 3 - Movie Review

#ရုပ်ရှင်မိတ်ဆက်

ဒီကားကတော့ ၁၉၈၀၊ ၁၉၉၀ ကာလက နာမည်ကြီးအက်ရှင်မင်းသားကြီးတွေဖြစ်တဲ့ Stallone, Arnold, Harrison Ford, Jet Li, Jason Statham, Antonio Banderas, Wesley Snipes, Mel Gibson, Dolph Lundgren တို့အဓိကပါဝင်ထားပြီး Expendables Series ရဲ့ တတိယမြောက်ဇာတ်ကားဖြစ်ပါတယ်။

ဇာတ်လမ်းကတော့ အထွေအထူးပြောစရာမရှိပါဘူး။ ထုံးစံအတိုင်း ပဲ Expendables အဖွဲက Expendables အဖွဲ့ကိုစတင်ခဲ့သူ ဖြစ်တဲ့ Mel Gibson ကို လုပ်ကြံဖို့သွားရာကနေ မအောင်မြင်ပဲ သူတို့အဖွဲ့ထဲက တစ်ယောက် ဒဏ်ရာရသွားပါတယ်။ အဲ့ဒီအခါမှာ Stallone က သူ့အဖွဲ့ဟောင်းကို ထားခဲ့ပြီး လူသစ်တွေ နဲ့ ထပ်သွားပါတယ်။ ဒီတစ်ခါတော့ အသေသတ်ဖို့မဟုတ်ပဲ အရှင်ဖမ်းရမယ်ဆိုပြီး ဖြစ်ပြန်ပါတယ်။ ဒါလည်း မအောင်မြင်ပဲ သူ့အဖွဲ့ ဖမ်းခံရပြီး သူပဲပြန်လွတ်လာပါတယ်။ ဒါနဲ့သူ့ အဖွဲ့ဟောင်းနဲ့ ပြန်ပေါင်းပြီး အဖွဲ့သစ်ကို ပြန်သွားကယ်ပါတယ်။

ဇာတ်လမ်းက ဘာမှမထူးခြားသလို၊ စိတ်ဝင်စားစရာလည်းမရှိပါဘူး။ အထူးသဖြင့် တစ်ချိန်တုန်းက Action မင်းသားကြီးတွေအားလုံးကို မပါပါအောင် လုပ်ယူပြီး ထည့်ထားရတော့ ဇာတ်လမ်းဇာတ်ကွက်ဆိုတာ မရှိတော့ပါဘူး။ ဖြစ်သလိုရိုက်ပြီး ဖြစ်သလိုပြီးသွားသလိုပါပဲ။ ဒီကားကို မထွက်ခင်ကတည်းက ဝေဖန်မှုတွေရှိခဲ့သလို ပရိတ်သတ်တွေက ဒါရိုက်တာအသစ်၊ ဇာတ်လမ်းဆရာအသစ်၊ ဇာတ်ညွှန်းဆရာ အသစ်နဲ့ ရိုက်ဖို့ အထိ တောင်းဆိုခဲ့ပါတယ်။

တကယ်ဆို Avengers အောင်မြင်နေချိန်မှာ DC က Justice League ရိုက်ကူးနေချိန်မှာ ရုပ်ရှင်လောကမှာ Shared Universe ဆိုတဲ့ စိတ်ကူးက တော်တော်အောင်မြင်နေပါပြီ။ Avengers က Avatar နဲ့ Titanic နောက်မှာ ၀င်ငွေအများဆုံးဖြစ်လာကတည်းက Sony ကလည်း သူပိုင်တဲ့ ကာရိုက်တာဖြစ်တဲ့ Spider-Man ကို X-men နဲ့ တွဲပေးဖို့လုပ်လာသလို၊ Spider-Man Villains တွေကိုတောင် တွဲပြီးရိုက်နေပြီဖြစ်ပါတယ်။ Paramount ကလည်း တစ်ချိန်က သူဇာတ်ကားတွေဖြစ်တဲ့ Dracula, Van Helsing စတဲ့ ဇာတ်ကောင်တွေကို Shared Universe လုပ်ပြီး ဇာတ်ကားတစ်ကားထဲ မှာ ရိုက်ကူးဖို့လုပ်နေပါပြီ။

ဒီလိုအချိန်မှာ Shared Universe အိုင်ဒီယာယူထားတဲ့ Expendables ကလည်း အတန်အသင့် အောင်မြင်သင့်ပါတယ်။ တကယ်ဆို ဇာတ်ညွှန်းဆရာကောင်းကောင်း၊ ဒါရိုက်တာကောင်းကောင်း ငှားပြီး ရိုက်ကူးခဲ့ရင် တော်တော်ကို ကြည့်ကောင်းမှာပါ။

နောက်ထပ်ပြောစရာရှိတာက မင်းသားကောင်းတွေပါပြီး ဗီလိန်ကောင်းမပါတာတော်တော် ဆိုးပါတယ်။ Mel Gibson က သရုပ်ဆောင်ကောင်းပေမယ့်၊ ပရိတ်သတ်က သူ့ကို ဗီလိန်အနေနဲ့ မမြင်ကြပါဘူး။ နောက်တစ်ချက်က ဗီလိန် က အမြဲတစ်ယောက်ပဲပါသလို၊ ပါတဲ့ ဗီလိန်ရဲ့ ကာရိုက်တာကလည်း တစ်ဖက် က မင်းသားတွေကို ခြိမ်းခြောက် နိုင်လောက်တဲ့ အဆင့်မရှိပါဘူး။ ပြောချင်တာက ဗီလိန်က ယုတ်မာရက်စက်တာမျိုးမတွေ့ရသလို၊ လူတွေ အမြင်ကတ်လောက်အောင် မုန်းတဲ့ ဗီလိန်မျိုးဖြစ်မလာပါဘူး။

ဒီကားထဲမှာ ထူးထူးခြားခြား ကောင်းတာဆိုလို့ ဗီလိန်လုပ်တဲ့ Mel Gibson နဲ့ တစ်ခန်းနှစ်ခန်းလောက်ပဲ ပါရတဲ့ Arnold တို့နှစ်ယောက်ပဲရှိပါတယ်။ သူတို့နှစ်ယောက်က ဘာမှ ထူးထူးခြားခြားမလုပ်ပြပေမယ့် သူတို့အသက်အရွယ်နဲ့လိုက်တဲ့ သရုပ် ကိုလုပ်ပြသွားပါတယ်။ ငယ်မူပြန်ဖမ်းဖို့မကြိုးစားပဲ လက်ရှိ အတိုင်းပဲ သရုပ်ဆောင်သွားနိုင်ခဲ့တာဖြစ်လို့ သူတို့ နှစ်ယောက်က သရုပ်ဆောင်ကောင်းတယ်လို့ပြောရမှာပါ။ Harrison Ford လည်း မဆိုးလှပေမယ့် သူ့ဇာတ်ကောင်က အပို ဖြစ်နေပါတယ်။

ဒီကားကို ကြည့်ရတာ အပျင်းပြေပေမယ့်၊ တစ်ဖက်ကလည်း ကြည့်ရင်းကြည့်ရင်းနဲ့ စိတ်မကောင်းဖြစ်မိ ပါတယ်။ ဘာလို့လည်းဆိုတော့ တစ်ချိန်က ကျွန်တော်အရမ်းကြိုက်ခဲ့တဲ့ Rambo, Rocky, Commando, Terminator, Air Force One, Lethal Weapon, Zarrow, Passenger 51, The One အစရှိတဲ့ ဇာတ်ကားတွေထဲက မင်းသားကြီးတွေက ဇာတ်လမ်းဇာတ်ကွက်လုံးဝမရှိတဲ့ အပေါစား အက်ရှင်ကားတစ်ကား မှာ တွေ့ရလိမ့်မယ်လို့ မထင်ထားလို့ပါ။


 ဒီလိုပြောလို့ ပရိတ်သတ်တွေ အကြိုက်မတွေ့မှာတော့မပူပါနဲ့။ ဒီကားက အက်ရှင် များများစားစားပါသလို၊ အက်ရှင်မင်းသားတွေလည်း များများစားစားပါပါတယ်။ အပျင်းပြေကြည့်လို့ကောင်းမှာဖြစ်ပြီး၊ ကျွန်တော်ကိုယ်တိုင်လည်း ဒီကားကို ကြိုက်တစ်ဝက်မကြိုက်တစ်ဝက်ပါပဲ။ ကျွန်တော့်အထင်ပြောရရင် ဒါ နောက်ဆုံး Expendables ဇာတ်ကားဖြစ်လာမယ်လို့ထင်ပါတယ်။ ဒါကြောင့် သွားကြည့်ကြပါ။ တစ်ချိန်တုန်းက မင်းသားတွေကို တစ်စုတစည်းထဲ ပြန်တွေ့ရမှာဖြစ်သလို၊ ချခန်းတွေလည်း အများကြီးပါပါတယ်။

Comments

Popular posts from this blog

RoboCop (2014) - Movie Review

Guardians of the Galaxy: Vol 2

Power Ranger (2017) - Movie Review