Jurassic World

Jurassic World - Spoiler Review
:) :) :) :) :) :) :) :) -_- -_-
#ရုပ်ရှင်မိတ်ဆက်

ဒီကားက ပထမတစ်ပတ်မှာတင်ပဲ ၀င်ငွေစံချိန် ချိုးထားပြီး၊ The Avengers ရဲ့ US opening weekend စံချိန် 207 သန်းကို 208 သန်းနဲ့ကျော်ဖြတ်သွားခဲ့ပါတယ်။ ၁၉၉၃ ခုနှစ်တုန်းက ပထမဆုံး Jurassic Park ထွက်ခဲ့ပြီး ကျွန်တော်တို့ တတွေကို အမြင်အသစ် အဆန်းဖြစ်စေခဲ့သလို Visual အသစ်အဆန်းတွေနဲ့ ကြည့်ခဲ့ရပါတယ်။ အခု ၂၂ နှစ်အကြာမှာ အသစ်တစ်ဖန် ပြန်ထွက်လာတဲ့ Jurassic World ဟာ ၂၁ရာစု ခေတ်ကလေးတွေအတွက် အမြင်တစ်မျိုးဆန်းစေမှာပါ။

ဒီကားက ပထမဆုံးကားလောက်မကောင်းပေမယ့် ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ ဒီကားမှာ Jurassic Park က Reference တွေအများကြီးပါတာကိုတွေ့ရမှာဖြစ်ပါတယ်။ Jurassic Park ကို စတင် တည်ထောင်ခဲ့သူ John Hammond ရဲ့ နာမည်ကိုလည်း မကြာခဏ ပါသလို၊ ဒိုင်နိုဆောတွေကို စတင်မွေးဖွားပေး ခဲ့သူ Dr. Henry Wu လည်း ဒီကားမှာ အဓိက သိပ္ပံပညာရှင်အဖြစ် ပြန်လည်ပါဝင်ထားပါတယ်။ သူတို့နှစ်ယောက်အပြင် Jurassic Park ရဲ့ အဓိက ဇာတ်ဆောင်တစ်ဦးလည်း ဒီကားမှာ ပြန်ပါဝင်ထားပါ သေးတယ်။

ဇာတ်လမ်းမှာတော့ ၁၉၉၃ ခုနှစ်မှာ အောင်မြင်အောင် မလုပ်နိုင်ခဲ့တဲ့ Jurassic Park ကို လက်ရှိ ၂၀၁၅ မှာ အောင်မြင်စွာဖွင့်လှစ်ထား နိုင်ပြီဖြစ်ပါတယ်။ ဒါ့အပြင် ဒီကျွန်းကြီးကို Disneyland တို့ Sea World တို့လိုအပန်းဖြေ ကစားကွင်းကြီး အဖြစ်ဖွင့်လှစ်ထားပြီး ကမ္ဘာအရပ်ရပ်က လူတွေလာရောက်လည်ပတ်နေကြပါတယ်။ ဒီပန်းခြံကို ကမ္ဘာမှာ ၈ယောက်မြောက်အချမ်းသာဆုံး သူဌေးကြီး Simon Masrani က ပိုင်ဆိုင်ပြီး၊ ခေါင်းဆောင်မင်းသမီး Claire အဖြစ်သရုပ်ဆောင်ထားတဲ့ Bryce Dallas Howard (Gwen Stacy from Spider-Man 3) က အဓိကတာဝန်ယူ ဖွင့်လှစ်ထားပါတယ်။ ဇာတ်လမ်းအစမှာ Claire ရဲ့ အမဖြစ်သူက သူ့ယောက်ျားနဲ့ ကွာရှင်းတော့မှာဖြစ်လို့ ကွာရှင်းမယ့်နေ့မှာ ကလေးနှစ်ယောက်ကို Claire ဆီကို လွှတ်လိုက်ပါတယ်။ အလုပ်များနေတဲ့ Claire က ကလေးနှစ်ယောက်ကို သူမရဲ့ လက်ထောက်နဲ့ လွှတ်ထားပြီး ပန်းခြံကို လိုက်ပြခိုင်းထားပါတယ်။

Jurassic World က ကစားကွင်းဖြစ်တာနဲ့အညီ လူတွေတွေကို ဆွဲဆောင်နိုင်ဖို့အတွက် သာမန် ဒိုင်နိုဆောတွေဖြစ်တဲ့ T-Rex တို့ Raptor တို့ နဲ့တင် မလုံလောက်တော့ပါဘူး။ ဒါကြောင့် Jurassic World က ဒိုင်နိုဆောတွေကို ဆန်းသစ်အောင် စမ်းသပ်နေပြီး၊ ပိုကြီးလာအောင် ပိုကြောက်ဖို့ကောင်းအောင် မွေးထုတ်နေပါတယ်။ ဒီကားရဲ့ Trailer မှာပါတဲ့ ရေထဲက ဒိုင်နိုဆော ကြီးကိုလည်း တွေ့ရပြီး သူ့ပုံစံက မိကျောင်းလို ပုံစံဖြစ်နေတာတွေ့ရပြီး၊ ကမ်းစပ်နား၊ ရေနားလာသမျှ သတ္တ၀ါကို ဆွဲစားတတ်ပါတယ်။ လက်ရှိနောက်ဆုံး မွေးထုတ်ထားတဲ့ Indominus Rex ကို T-Rex နဲ့ အခြား သတ္တ၀ါတွေ ရဲ့ မျိုးစိတ်တွေပေါင်းပြီး ထုတ်ထားတာဖြစ်ပြီး အလျား ပေ၅၀ ကျော်ရှည်ပြီး T-Rex ထက်သိသိသာသာ အကောင်ကြီးပါတယ်။ T-Rex ကိုမသိရင် ပထမဆုံးကားမှာ ပါတဲ့ ဒိုင်နိုဆော အကြီးစားကိုပြောတာဖြစ်ပြီး Raptor ဆိုတာက ပထမသုံးကားလုံးမှာပါတဲ့ လူထက်နည်းနည်းပဲ ကြီးတဲ့ ဒိုင်နိုဆောအသေးစား ဖြစ်ပါတယ်။ Raptor တွေက အုပ်စုလိုက် တိုက်ခိုက်တတ်ပြီး အသိဥာဏ်က လူထက်တောင်ပို ထက်မြက်တယ်လို့ဆိုပါတယ်။

ဒီအချိန်မှာပဲ Navy ကစစ်မှုထမ်းတစ်ဦးဖြစ်တဲ့ Owen အဖြစ်သရုပ်ဆောင်တဲ့ Chris Pratt (Guardian of the Galaxy) က စစ်တပ်ရဲ့ project တစ်ခု အရ ကျွန်းမှာရောက်နေပါတယ်။ ဘာProject လည်းဆိုတော့ Raptor တွေကို train လုပ်ပြီး စစ်သားတွေနေရာမှာ အစားထိုးဖို့ဖြစ်ပါတယ်။ ဟုတ်ပါတယ်၊ ဒိုင်နိုဆော အသေးလေးတွေကို ခွေးတွေကို သင်ကြားပေးသလို သင်တန်းပေးပြီး၊ Middle East မှာ အကြမ်းဖက်တွေကို ခြေရာခံခိုင်းဖို့ဖြစ်ပါတယ်။ Drone တွေ မသွားနိုင်တဲ့ တောင်ကြား ဂူထဲ တွေကို ဒီကောင်တွေ လွှတ်ပြီး ရန်သူကို ခြေမှုန်းခိုင်းမှာဖြစ်ပါတယ်။

Owen က Raptor တွေကို မွေးကတည်းက စောင့်ရှောက်လာတာဖြစ်ပြီး၊ သံယောစဉ်ဖြစ်နေကြပါတယ်။ Trailer မှာပါသလိုပဲ Raptor လှောင်အိမ်ထဲကျသွားတဲ့ လူတစ်ယောက်ကို ကယ်တင်လိုက်တာ တွေ့ရမှာပါ။ Owen က Raptor တွေနဲ့ သူ့ကြားမှာ အပြန်အလှန်လေးစားမှုရှိတယ်လို့ဆိုထားပြီး စစ်တပ်ရဲ့ အကြံအစည်ကို လက်မခံပါဘူး။ ဒီအချိန်မှာပဲ Claire က Indominus Rex နဲ့ပတ်သက်ပြီး အကြံအဥာဏ် တောင်းဖို့ Owen ကို အကူအညီတောင်းခဲ့ပြီး သူတို့ သွားကြည့်တဲ့အချိန်မှာပဲ D-Rex ကလှောင်အိမ်ထဲမှာမရှိတော့ပါဘူး။

ကိုယ်အပူချိန် နဲ့ကြည့်လည်း မတွေ့ရတော့သလို နံရံမှာလည်း လက်သည်းရာတွေ တွေ့ရတဲ့အခါမှာ လှောင် အိမ်ထဲက ထွက်သွားကြောင်း သိလိုက်ရပါတယ်။ ဒါကြောင့် D-Rex ကို ခြေရာခံဖို့ လုပ်ပြီး လုံခြုံရေးကို အကြောင်းကြားလိုက်သလို၊ Owen တို့ ကလည်း လှောင်အိမ်ထဲဝင်ပြီး စစ်ဆေးကြပါတယ်။ ဒီအချိန်မှာပဲ လုံခြုံရေး က D-Rex ကိုယ်မှာထဲ့ထားတဲ့ ခြေရာခံ ကိရိယာကို စစ်လိုက်တဲ့အခါမှာ လှောင်အိမ်ထဲမှာတင်ရှိသေးတယ်လို့ တွေ့လိုက်ရပါတယ်။

D-Rex ကို T-Rex ရဲ့ မျိုးစိတ်အပြင်၊ ဖားတို့ ငါးတို့ရဲ့ မျိုးစိတ်တွေပါသုံးထားတာကြောင့် သွေးအေးသတ္တ၀ါ အဖြစ်လည်းပြောင်းလို့ရသလို၊ သူ့ရဲ့ ကိုယ်အရောင်ကိုလည်း ပြောင်းလို့ရပါတယ်။ သူက လူတွေကို အထဲကို မြှားခေါ်တာဖြစ်ပြီး လူတွေအပြင်ကို ပြန်အထွက်မှာ တခါးကိုချိုးဖျက်ပြီး သူပါလွတ်သွားပါတယ်။ ဒါ့အပြင် လုံခြုံရေးနှစ်ယောက်ကို စားသွားသလို၊ Owen တောင်မှ သီသီလေးလွတ်သွားတာဖြစ်ပါတယ်။

ဒါကြောင့် ပန်းခြံတစ်ခုလုံးကို ပိတ်လိုက်ပြီး လူတွေအားလုံးကို ပြန်ခေါ်လိုက်ပါတယ်။ ဒီထဲမှာ Claire ရဲ့ တူနှစ်ယောက်က ပြန်မလာပဲ သူတို့ပါသာဆက်သွားနေတာကြောင့် Claire က Owen ကိုအကူအညီတောင်းပြီး လိုက်ကယ်ရပါတယ်။

ဒီနောက်မှာတော့ ထွေလာမှာပါတဲ့ အတိုင်း ပဲ Chopper နဲ့ လိုက်ရှာပြီး ပစ်ခတ်နှိမ်နင်း ပေမယ့်လည်း D-Rex က ပါးနပ်စွာနဲ့ အနားမှာရှိတဲ့ pterodactyl (လေထဲပျံတဲ့ ဒိုင်နိုဆော) တွေထားတဲ့ တိရိစ္ဆာန်ရုံတွေ မှာတွေ့ရတဲ့ ငှက်လှောင်အိမ်လိုမျိုးထဲကို ပြေးဝင်သွားပြီး pterodactyl တွေကို လွှတ်လိုက်ရာက Chopper လည်းပျက်ကျပြီး လူတွေလည်း pterodactyl အဆွဲခံကြရပါတယ်။ ဒီအခြေအနေကို ထိန်းလိုက်နိုင်ပေမယ့် လူတွေတော်တော်များများ ဒဏ်ရာရသူကရ သေတဲ့သူကသေကုန်ကြပါတယ်။ Chopper ပေါ်မှာ ပိုင်ရှင် ဘီလျံနာ သူဌေး ကြီး ပါသွားပြီး သေသွားတာကြောင့် လုံခြုံရေးအဖွဲ့က စတင်တာဝန်ယူပါတော့တယ်။

ဒီမှာ သူတို့စမ်းသပ်နေတဲ့ Raptor တွေကို အသုံးပြုပြီး D-Rex ကို ခြေရာခံလိုက်ဖို့ စီစဉ်ပါတယ်။ ဒီအစီအစဉ်ကို Owen ကအစပိုင်းမှာ လက်မခံပေမယ့် Raptor တွေကို သူပဲ ထိန်းနိုင်တာဖြစ်သလို၊ စစ်တပ်က သူလက်မခံလည်း ဇွတ်လုပ်မှာဖြစ်တာဖြစ်လို့လက်ခံလိုက်ရပါတယ်။

တကယ်တမ်း လိုက်ရှာလို့လည်းတွေ့ရော သူတို့ထင်ထားသလို Raptor တွေက D-Rex ကို မတိုက်ခိုက်ပဲ D-Rex နဲ့ အချင်းချင်း ဆက်သွယ်စကားပြောပြီးတဲ့နောက်မှာ လူတွေကို ပြန်တိုက်ခိုက်ပါတယ်။ ဒါကဘာကြောင့်လည်းဆိုတော့ Indominus Rex ကို T-Rex, ဖား, ငါး တွေရဲ့ မျိုးစိတ်တွေအပြင်၊ Raptor မျိုးစိတ်ပါ ထည့်သုံးထားတာကြောင့် Raptor တွေနဲ့ အချင်းချင်း ဆက်သွယ်လို့ ရသွားတာဖြစ်ပြီး Raptor တွေက သူ့စကားကို နားထောင်သွားတာဖြစ်ပါတယ်။

Owen, Claire နဲ့ ကလေးနှစ်ယောက်က D-Rex လက်ကနေလွတ်အောင်ပြေးနေရသလို၊ Raptor တွေတိုက်ခိုက်တာမခံရအောင်လည်း ပြေးနေရာကနေ သူတို့ Control Center ထဲမှာ Raptor တွေဝိုင်းထားတာကို ခံလိုက်ရပါတယ်။ ဒီအခန်းမှာ Owen နဲ့ သူရဲ့ Raptor တွေကြားက သံယောစဉ်ကို တွေ့ရမှာဖြစ်ပြီး ကြည့်လို့ကောင်းတဲ့ ဇာတ်ကားဖြစ်ပါတယ်။

နောက်ထပ်ဆက်ပြောမှာ ဇာတ်သိမ်းခန်းဖြစ်ပြီး ကြိုမသိပဲ ရုံထဲမှာကြည့်ရတာပိုကောင်းပါတယ်။ ဇာတ်ကားကောင်းတစ်ကားပါ မိသားစုတူတူကြည့်နိုင်ပြီး No Sex, No Nudity ပါ။ ကလေးတွေလည်း ကြည့်သင့်သလို ကြည့်နိုင်ပါတယ်။

အဆုံးသတ်ကိုသိချင်ရင်တော့....

အထက်ကအခန်းမှာ Owen က သူ့ Raptor တွေကို ပြန်ထိန်းလို့ရသွားပြီး Raptor တွေကလည်း ပြန်မှတ်မိ သွားပါတယ်။ ဒီအချိန်မှာ D-Rex က ၀င်လာပြီး ရန်မူတဲ့အခါ Raptor တွေက Owen ကိုကာကွယ်ပြီး D-Rex ကို စတင်တိုက်ခိုက်ကြ ပါတော့တယ်။ Raptor လေးသုံးကောင်နဲ့ တိုက်ခိုက်လို့ မလောက်တဲ့အခါမှာတော့ Claire က တစ်ခုခုကို သတိရသွားဟန်နဲ့အပြေးထွက်သွားပါတယ်။

ဒီအခန်းက ဇာတ်သိမ်းပိုင်းဖြစ်ပြီး တစ်ကားလုံးမှာ အကောင်းဆုံး ဇာတ်ဝင်ခန်း ဖြစ်သလို၊ Original Jurassic Park ပရိတ်သတ်တွေအတွက် ပထမကားကို ပြန်အမှတ်ရစေတဲ့အခန်းဖြစ်ပါတယ်။ Review အစမှာ ကျွန်တော်အစကပြောခဲ့တဲ့ ပထမကားတဲ့ က အဓိကဇာတ်ကောင်တစ်ဦး ပြန်ပါတယ်ဆိုတာ ဒီအခန်းမှာဖြစ်ပါတယ်။

Clarie က Control Room ထဲက သူမလူကို လှမ်းပြီး Paddock 9 ကိုဖွင့်ပေးဖို့ ပြောလိုက်ပါတယ်။ ပရိတ်သတ်ကြီးက ဘာမှန်းမသိသေးသလို၊ ဘာကောင်ထွက်လာမယ်မှန်းမသိသေးခင်မှာပဲ သူမက emergency signal flares လေးကို ထွန်းလိုက်ပါတယ်။ ဒီအချိန်မှာတော့ original ကားကြည့်ဖူးတဲ့ ပရိတ်သတ်တွေက သဘောပေါက်သွားဖြစ်ပြီး ဘာကောင်ထွက်လာမလည်းဆိုတာ သိသွားကြသလို ရုံထဲမှာ လက်ခုပ်သံတွေ ညံသွားခဲ့ပါတယ်။

Paddock 9 ထဲမှာ ရှိနေတာကတော့ ပထမဆုံး ဇာတ်ကားထဲက T-Rex ဖြစ်ပြီး ပထမကားတုန်းက emergency signal flares လေးကိုထွန်းပြီး T-Rex ကို အာရုံလွှဲခဲ့တာဖြစ်ပါတယ်။ ဒီမှာတော့ T-Rex ကို D-Rex ရှိတဲ့နေရာကို ခေါ်လာပြီး အချင်းချင်း တွေ့ ပေးခဲ့ပါတယ်။ T-Rex vs D-Rex က အရမ်းကြည့်လို့ကောင်းပြီး အကောင်ပိုကြီးပြီး အားပိုသန်တဲ့ D-Rex နိုင်နေချိန်မှာ Owen ရဲ့ နောက်ဆုံး လက်ကျန် Raptor တစ်ကောင်က အပြေးရောက်လာပြီး D-Rex ကိုစတင်တိုက်ခိုက်ပါတော့တယ်။ နှစ်ကောင်တစ်ကောင် တိုက်ခိုက်ပြီး နောက်ဆုံး ဇာတ်ရှိန်မြင့်နေချိန်မှာ မိချောင်းဒိုင်နိုဆော နေတဲ့ ရေကန်နားကိုရောက်လာပြီး၊ ရုတ်တရက် ရေထဲကနေ ဒိုင်နိုဆောကြီးတက်လာပြီး D-Rex ကို ဆွဲချသွားခဲ့ပါတယ်။ (ဒီအခန်းမှာလည်း တစ်ခါ လက်ခုပ်သံတွေထွက်လာပြန်ပါတယ်။) ဒီနောက်မှာတော့ T-Rex နဲ့ Raptor တို့က ကိုယ့်လမ်းကို ထွက်သွားကြသလို ကယ်ဆယ်ရေးတွေလည်း ရောက်လာကြပြီး၊ T-Rex ကြီး ရဲ့ Roar နဲ့ ဇာတ်လမ်းသိမ်းသွားပါတယ်။

အရမ်းကောင်းတဲ့ဇာတ်ကားဖြစ်ပြီး ကျွန်တော် မပြောနိုင်ခဲ့တဲ့ ဇာတ်ဝင်ခန်းတွေ ကျန်ပါသေးတယ်။ ဇာတ်ကားကောင်းတစ်ကားပါ။ အပျင်းပြေကြည့်ကောင်းသလို၊ စိတ်ဝင်စားဖို့လည်းကောင်းလှပါတယ်။ ကလေးတွေလည်း ကြိုက်ကြမှာဖြစ်ပြီး မိသားစုတူတူကြည့်နိုင်ပါတယ်။ ရုံမှာ သွားကြည့်သင့်ပါတယ်။ ဒီကားက နိုင်ငံတကာမှာ သန်း ၅၀၀ ကျော်ကို ၃ရက်ထဲနဲ့ ရသွားတာ အလကားမဟုတ်ဘူးဆိုတာ ပရိသတ်ကြီး ကိုယ်တိုင် ကြည့်ကြည့်သင့်ပါတယ်။

#Sololay

Comments

Popular posts from this blog

RoboCop (2014) - Movie Review

The Loft

Guardians of the Galaxy: Vol 2