The Fault in Our Stars

The Fault in Our Stars (June 06, 2014)

#ရုပ်ရှင်မိတ်ဆက်

ဒီတစ်ခါတော့ ပရိတ်သတ်ကို Drama ဇာတ်ကားလေးတစ်ကားနဲ့မိတ်ဆက်ပေးပါ့မယ်။ ဒီကားတော့ သာမန် ချစ်ကွဲညား ဇာတ်လမ်းဖြစ်တဲ့ Notebook လို Drama ကားမျိုးထက် အနည်းငယ်ပိုကောင်းပေမယ့်၊ About Time လို၊ 50 First Date လို ဇာတ်လမ်းမျိုးတွေလောက်တော့ သိပ်ဆွဲဆောင်မှုမရှိပါဘူး။

Drama ဇာတ်ကား ဆိုကျွန်တော့် အကြိုက်တွေ အများကြီးရှိပေမယ့် အချစ်ကားဆိုရင်တော့ About Time နဲ့ 50 First Date ကျွန်ေတာ့် အကြိုက်ဆုံးကား ၂ကားဖြစ်ပြီး၊ အခကားကတော့ ဒီကား နှစ်ကားလောက် မကောင်းပါဘူး။

ဇာတ်လမ်းကတော့ မင်းသမီးက ကလေးဘ၀ထဲက ကင်ဆာရောဂါဖြစ်နေပြီး၊ အောက်ဆီဂျင်ဘူး တပ်ပြီး နေနေရပါတယ်။ သေရမယ့်နေ့ကိုစောင့် နေရသလိုဖြစ်နေပြီး၊ သူ့ဘ၀သူ စိတ်ဓါတ်ကျနေရာက ဘ၀တူ ကင်ဆာဝေဒနာ ရှင် ကောင်လေး တစ်ယောက် နဲ့ တွေ့ပြီး ချစ်ကြိုက်သွားကြပါတယ်။ ကောင်လေးက Cancer Survivor တစ်ဦးဖြစ်ပြီး အသက်ရှင်နေပေမယ့်၊ ခြေထောက်တစ်ဖက် ဖြတ်ထားရပါတယ်။ ကောင်လေးနဲ့ တွေ့ပြီးမှ ပိုပျော်ရွှင်လာတဲ့ ကောင်မလေး ကို မိဘတွေက ကြည်ကြည်ဖြူဖြူပဲ ခွင့်ပြုထားပေမယ့်၊ ကင်ဆာဝေဒနာရှင်တွေဖြစ်တာကြောင့် မမျှော်လင့်ထားတဲ့ အချိန်မှာပဲ ဘ၀ အလှည့်အပြောင်းလေးတွေ နဲ့ ကြုံတွေ့ခဲ့ရပုံကို ရိုက်ကူးတင်ဆက်ထားပါတယ်။

ဒီကားက အမြင်တစ်မျိုးနဲ့ကြည့်ရပြီး အချစ်ဇာတ်ကားဆိုတာထက် ကင်ဆာ ဝေဒနာရှင်တွေကို စာနာ နားလည် လာအောင် ပြထားတဲ့ဇာတ်ကားမျိုးလို့ဆိုလို့ရပါတယ်။ ဒါပေမယ့် ကင်ဆာရောဂါ အကြောင်း ကြီး ပြတာလည်းမဟုတ်ပါဘူး။ အချစ်၊ အလွမ်း၊ ၀မ်းနည်းစရာ၊ သနားစရာ၊ ပျော်စရာ လေးတွေ အစုံ ထည့်သွင်း ရိုက်ကူးထားပါတယ်။

ဒီလို အစုံ ထည့်လိုက်တာကလည်း ဇာတ်လမ်း ရဲ့ အဓိက အားနည်းချက်တစ်ခုဖြစ်သွားပြီး၊ ပရိတ်သတ်ကို တစ်ပြိုင်နက် အမျိုးစုံ ချပြလိုက်တော့၊ ဇာတ်လမ်းက စွဲဆောင်မှု လျော့သွားပါတယ်။ ဇာတ်ရှိန် အတက်အကျ မမှန်သလို၊ ဇာတ်လမ်းကလည်း ကလေးကလား ဆန်ပြီး၊ စိတ်ကူးရင် ဘ၀ပုံစံဖြစ်နေပါတယ်။ မလို အပ်တဲ့ အခန်းတွေ အများကြီး ပါသလို၊  လိုချင်တဲ့အချက်ကို ထိထိ မိမိ မပြသွားနိုင်ပါဘူး။ တင်ဆက်ပုံ ညံ့ပေမယ့် မိန်းကလေးတွေ ကြိုက်ကြမယ့်ကားလို့ မြင်မိပါတယ်။

သာမန် အချစ်ဇာတ်ကားကောင်း တွေထက် ပိုကောင်းတာပဲ ရှိပြီး၊ ဇာတ်လမ်းနဲ့ တင်ဆက်ပုံ တော့ သိပ်အားမရပါဘူး။ အထူးသဖြင့် ဒီထက်မက ပိုပြီး ကောင်းနိုင်ပေမယ့် ဖြစ်မလာခဲ့ပါဘူး။ မိသားစု တူတူကြည့်လို့ရပေမယ့်၊ Sex Scene တစ်ခန်းပါပြီး ဆယ်ကျော်သက် စုံတွဲဖြစ်သလို၊ ကောင်မလေးက လည်း Under Age (less than 18) လို သဘောရနေပါတယ်။ Rate PG-13 ဆိုပေမယ့် ကလေးတွေ ကို ပေးမကြည့်သင့်သေးပါဘူး။

ကြည့်လို့ကောင်းပေမယ့် ရုံမှာ သွားကြည့်ရလောက်အောင်တော့ မကောင်းပါဘူး။ ဒီမှာဆိုရင်တော့ မိန်းကလေးတွေနဲ့ စုံတွဲတွေပဲလာကြည့်တာများပြီး၊ ဘာလို့ Edge Of Tomorrow ထက် (US တစ်နိုင်ငံထဲက) ၀င်ငွေ စုစုပေါင်းပိုများနေတာလည်း ဆိုတာတော့ မသိတော့ပါဘူး။ အခွေငှားကြည့်ဖို့ပဲ ကောင်းပြီး၊ အပျင်းပြေ ချစ်သူနဲ့ ကြည့်သင့်တဲ့ကားမျိုးပါ။

#Sololay

Comments

Popular posts from this blog

RoboCop (2014) - Movie Review

The Loft

Guardians of the Galaxy: Vol 2