Star Wars: The Force Awakens

Star Wars: The Force Awakens

#ရုပ်ရှင်မိတ်ဆက်

Star Wars episode VII ကြည့်ပြီး ပြီးချင်း Review ရေးချင်ပေမယ့်၊ သေသေချာချာ သုံးလေးခါကြည့်ပြီးမှ ရေးတင်ပေး မယ်ဆိုပြီး အခု မှတင်ဖြစ်တာပါ။ ဒါ့အပြင် Star War ပရိတ်သတ်တွေ အတွက် Spoiler မလုပ်ချင်လို့ အချိန်နည်းနည်းစောင့်ပြီးမှ တင်ပေးတာဖြစ်ပါတယ်။ ဒီ Review က Spoiler Review ဖြစ်ပြီး၊ ဇာတ်ကား အကြောင်း သူ့ရဲ့ လှည့်ကွက်တွေ အဆုံးသတ်ပုံတွေပါမှာဖြစ်ပါတယ်။

Star Wars: The Force Awaken က အားလုံး မျှော်လင့်ထားသလို All time biggest movie ဖြစ်လာ တော့မှာ ဖြစ်ပြီး၊ Avatar ရဲ့ ၀င်ငွေ အများဆုံး စံချိန်ကို ချိုးဖို့ သေချာနေပါတယ်။ ခဏခဏ ပြန်ကြည့်ကြ တဲ့ ပရိတ်သတ်တွေ ကြောင့် ဒီလို စံချိန် ချိုးဖို့ ဖြစ်လာ ဖြစ်ပြီး ကျွန်တော်တောင် ဒီ Review ရေးနေ ချိန်မှာ သုံးခါကြည့်ပြီးသွားပါပြီ။ ဒီလို ဆိုတော့ ဒီကားက အကောင်းဆုံး ဇာတ်ကား၊ အကောင်းဆုံး Star Wars ဇာတ်ကား လားဆိုရင်တော့၊ မဟုတ်ဘူးလို့ ပဲ ဆိုရမှာပါ။

ဇာတ်လမ်းအရ အရမ်းကြီးမကောင်းသလို အနှစ်သုံးဆယ် ကွာဟချက် ( Original Star Wars လို့ခေါ်တဲ့ Episode 4: The New Hope, Episode 5: Empire Strikes Back, Episode 6: Return of the Jedi သုံးကားနဲ့ ကွာတာဖြစ်ပြီး) ကို ရှင်းပြထားရသလို၊ နောက်လာမယ့် ဇာတ်ကားတွေ အတွက် ဇာတ်ကောင် သစ်တွေ ကိုလည်း မိတ်ဆက်ပေးရပါတယ်။

ဇာတ်လမ်းမှာ Daisy Ridley ရဲ့ Rey ဆိုတဲ့ ဇာတ်ကောင် ကို အဓိက မိတ်ဆက်ထားပြီး၊ ဇာတ်ကား မထွက်ခင်ကတည်းက သူမကို ဒီဘက်ခေတ်ရဲ့ Luke Skywalker ဆိုပြီး ပရိတ်သတ်တွေက မှန်းထားကြပါတယ်။ တကယ်တမ်းလည်း ဇာတ်ကားထဲမှာ သူမရဲ့ ဇာတ်ကောင်က အဓိက သရုပ်ဆောင်ဖြစ်ပြီး၊ ခေတ်သစ် မိန်းကလေးတွေရဲ့ စံပြ ဇာတ်ကောင်ဖြစ်လာနိုင်ပါတယ်။ ဒါပေမယ့် ဒီကားမှာ Rey ဆိုတဲ့ ဇာတ်ကောင်ကို ပရိတ်သတ် ကို သေသေချာချာ ချမပြပဲ နောင်လာမယ့် ဇာတ်ကားတွေအတွက် ချန်ထားတာမျိုးတွေရှိပါတယ်။

ဒီကားမှာ ကျွန်တော်အကြိုက်ဆုံး ဇာတ်ကောင်က (Star Wars ဇာတ်ကားအားလုံးမှာ ကျွန်တော် အကြိုက်ဆုံး လို့ဆိုရင်ပိုမှန်ပါတယ်) Harrison Ford ရဲ့ Han Solo ဖြစ်ပါတယ်။ ဒီကားမှာ Harrison Ford က လွန်ခဲ့တဲ့ အနှစ်သုံးဆယ်က Han Solo ဇာတ်ကောင်ကို ပြန်အသက်ဝင်အောင် ကြိုးစားထားနိုင်ပြီး၊ သူ့က လူသစ် ဇာတ်ကောင်တွေကိုသာမက၊ ပရိတ်သတ်တွေကိုပါ ဇာတ်လမ်းထဲကို ဆွဲခေါ်သွားနိုင်ပါတယ်။

ဒီနေရာမှာ Original Trilogy လို့ခေါ်တဲ ၁၉၇၀ ကျော်က ဇာတ်ကားတွေမှာ Han Solo က ပဲ ပရိတ်သတ် အကြိုက်ဇာတ်ကောင်ဖြစ်ခဲ့ပြီး၊ သူ့ကြောင့် ဇာတ်လမ်းက ပရိတ်သတ်နဲ့ ပို အဆက်အစပ်မိတယ်လို့ ဆိုလိုပရပါတယ်။ ၁၉၇၀ ကျော်ကာလက ထွက်ခဲ့တာဖြစ်လို့ ကျွန်တော်အပါအ၀င် ဒီစာကိုဖတ်နေတဲ့ ပရိတ်သတ် အများစု ဒီကားတွေကို မမှီခဲ့ပါဘူး။ ဒီဘက်ခေတ်ကလေးတွေဆိုရင် ကြားဖူးတာကလွဲရင် Star Wars ကို အခု အသစ်ထွက်ခါနီးမှ သိတဲ့သူတွေလည်းရှိကြမှာပါ။

ဒါပေမယ့် ဒီကားက Star Wars ပရိတ်သတ် မဟုတ်သူတွေ၊ မကြည့်ဖူးသူတွေ အတွက် လည်း ကြည့်လို့ ကောင်းမှာ ဖြစ်ပြီး၊ သူ့ပါသူ သီးသန် ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ ဇာတ်ကားကောင်း တစ်ကားဆိုပေမယ့်၊ ဇာတ်လမ်း မှာ ဟာကွက်တွေရှိသလို၊ ဇာတ်ကောင်တစ်ချို့နဲ့ အဓိက ဗီလိန် အကြောင်းလည်း သေချာ မသိရတာမျိုးတွေရှိပါတယ်။ ဗီလိန် ဖြစ်တဲ့ Kylo Ren က ယုတ်မာရက်စက်တာကို ပြပေမယ့် သူ့က တစ်ချိန်က Darth Vader လိုမျိုး ကြောက်စရာ မဖြစ်ပါဘူး။ အထူးသဖြင့် ဇာတ်လမ်းရဲ့ အဓိက ဇာတ်ဆောင် ဖြစ်တဲ့ Rey က Kylo နဲ့ ရင်ဆိုင်တွေ့တဲ့ အခန်းတိုင်းမှာ Rey အတွက် စိုးရိမ်စိတ် ဖြစ်ရမဲ့အစား သာမန် စကားပြောခန်း လိုဖြစ်နေပါတယ်။

ဒီနေရာမှာ ဇာတ်ကောင်တွေကို သေချာ မမိတ်ဆက်ထားဖူးဆိုတဲ့ အထဲမှာ၊ Rey ရဲ့ ဇာတ်ကောင်လည်း ပါပါတယ်။ Rey က ဒီကားမှာ Jedi တစ်ဦးဖြစ်ပြီး Force အသုံးပြုနိုင်တယ်ဆိုပေမယ့် သူမကိုယ်တိုင် ဒီလို အစွမ်းရှိမှန်း မသိသလို၊ သူမကိုလည်း ဘယ်သူမှ မသင်ပေးထားပါဘူး။ ဒါပေမယ့် ဇာတ်လမ်း ပြီးခါနီးမှာ သူမက Jedi mind trick လို့ခေါ်တဲ့ စိတ်ညို့တဲ့ အတတ်ကို ချက်ချင်းတတ်သွားသလို၊ Lightsaber ကိုလည်း ကျွမ်းကျွမ်းကျင်ကျင် သုံးတတ်သွားပါတယ်။ Kylo Ren လို သေချာ လေ့ကျင့်ထားတဲ့ ဗီလိန်ကိုတောင် ရင်ဆိုင် နိုင်တဲ့ အထိ ချက်ချင်း အစွမ်းထက်သွားတာ မျိုးက တော့ Character Development အားနည်းတာလည်း ပါပါတယ်။

ဒီနေရာမှာ Star Wars ပရိတ်သတ်တွေက သူမက Luke ရဲ့ သမီးဖြစ်လိမ့်မယ်လို့ ခန့်မှန်းထားကြပေမယ့်၊ Kylo Ren ကိုတော့ Han Solo နဲ့ Leia တို့ရဲ့ သားဖြစ်လိမ့်မယ်လို့ ဘယ်သူမှ မခန့်မှန်းမိကြပါဘူး။ (SPOILER) ဟုတ်ပါတယ်၊ Kylo Ren က Han နဲ့ Leia တို့ရဲ့ သားဖြစ်ပြီး Luke က သူ့ကို Jedi Training ပေးနေရာကနေ သူက Dark side ကိုရောက်သွားတာဖြစ်ပါတယ်။ ဒါပေမယ့် ဒီကားမှာ သူ့အကြောင်း သေချာ မသိရသလို၊ နောက်ထပ်ဇာတ်ကားတွေ အတွက် ချန်ထားတာကိုလည်း တွေ့ရပါတယ်။

ဒီကားက Original ဇာတ်ကားဖြစ်တဲ့ A New Hope နဲ့ တော်တော်များများ ဆင်တူတာကို Star Wars ပရိတ်သတ် တွေ သေချာ ကြည့်ရင် သိနိုင်ပါတယ်။ A new hope ထဲမှာ Luke က Obi Wan နဲ့ တွေ့ပြီး သူက Jedi ဖြစ်တယ်ဆိုတာ သိသွားပါတယ်။ အဲ့ဒီနောက် Obi Wan က Darth Vader နဲ့ ရင်ဆိုင်တွေ့ပြီး သေသွားခဲ့သလို၊ Luke ကလည်း Yoda နဲ့ တွေ့ပြီး Yoda ထံမှာ ပညာဆီးပူးခဲ့ပါတယ်။ ဒီကားထဲမှာ အဓိက ဇာတ်ကောင် Rey က အနှိမ်ခံဘ၀နဲ့ နေနေရာက Han Solo နဲ့ တွေ့ပြီး သူမက သာမန် မဟုတ်ပဲ Jedi ဖြစ်တယ်ဆိုတာသိသွားပါတယ်။

ဒီနေရာမှာ ဇာတ်ကားတစ်ကားလုံးရဲ့ အရေးကြီးတဲ့ အခန်းနဲ့ ကျွန်တော် မကြိုက်ဆုံး အခန်း အကြောင်း ပြော ရပါတော့မယ်။ ဇာတ်လမ်း ဆုံးခါနီးမှာ Han က သူ့သား ဖြစ်သူ Kylo Ren ကို သူနဲ့ ပြန်လိုက်ခဲ့ဖို့ ခေါ်တဲ့ အခန်းဖြစ်ပြီး၊ အဲ့ဒီအခန်းက ဇာတ်ကားတစ်ကားလုံး မှာ စိတ်လှုပ်ရှားဖို့အကောင်းဆုံး ဇာတ်ဝင်ခန်းဖြစ်ပြီး၊ သားဖြစ်သူ (Kylo Ren) က သူ့ကို (Han Solo) ကို Lightsaber နဲ့ ထိုးသတ်လိုက်ပေမယ့် သားဖြစ်သူကို အပြစ်မမြင်ပဲ နောက်ဆုံးအနေနဲ့ မျက်နှာလေးကို လက်နဲ့ ပါပွတ်သတ်သွားပါသေးတယ်။

ဒီအခန်းကို မကြိုက်ရတဲ့ အကြောင်းက ကျွန်တော်အထက်မှာ ပြောခဲ့သလိုပဲ၊ ဇာတ်ကားတစ်ကားလုံးမှာ အကြိုက်ဆုံးနဲ့ ဇာတ်ကောင်ဖြစ်တဲ့ Han Solo အသတ်ခံလိုက်ရလို့ဖြစ်ပြီး၊ သူသေသွားတဲ့ ပုံစံအရ Han Solo နောက်ထပ် ထပ်လာဖို့ မရှိတော့သလို၊ ပြန်ရှင်လာဖို့လည်း မရှိတော့ပါဘူး။ ဓါးနဲ့ထိုးခံရပြီး၊ ချောက်ထဲကျသွားသလို၊ အလောင်းလည်း ပြန်မရခဲ့ပါဘူး။ ဒါ့အပြင် အဲ့ဒီ ဂြိုလ်တစ်ခုလုံး လည်း ပေါက်ကွဲသွားခဲ့တာ ဖြစ်လို့ Harrison Ford ရဲ့ Han Solo က နိဂုံးချုပ်သွားပြီဖြစ်ပါတယ်။ Han Solo ငယ်ဘ၀ ဇာတ်ကားရိုက်ကူး ဖို့ ရှိတာဖြစ်လို့၊ အခြား မင်းသား တွေကို သူ့နေရာမှ တွေ့ရမှာ ဖြစ်ပေမယ့် Harrison Ford ရဲ့ ဇာတ်ကောင်ကတော့ နောက်ထပ်မပါတော့ပါဘူး။

ခြုံပြောရရင်တော့ ကျွန်တော် ကြိုက်လည်း ကြိုက် ကြည့်လို့လည်းကောင်း တဲ့ ဇာတ်ကားပါ။ စိတ်ဝင်စားဖို့လည်း ကောင်းပြီး ကြည့်ရတာတန်လည်းတန်ပါတယ်။ ကျွန်တော့်အတွက်တော့ ဒီကားက ပထမနှစ်ကား လောက် မကောင်းပေမယ့် Star Wars စီးရီးထဲမှာ တတိယမြောက်အကောင်းဆုံး ဇာတ်ကား လို့ ပြောလို့ရပါတယ်။ ခေတ်သစ်လူငယ်တွေအတွက် Star Wars ကို ကျွန်တော်တို့ ဘာလို့ အရမ်းကြိုက်လည်းဆိုတာ ဒီကား ကြည့်ရင် သိလာမှာဖြစ်ပါတယ်။ ဒါ့အပြင် နောက်ဆုံး ဇာတ်ဝင်ခန်းကို ကြည့်ပြီး မသိတဲ့သူတွေအတွက် နောက်ဆုံး အခန်းမှာ ပါတဲ့ သူက သရုပ်ဆောင် Mark Hamill ဖြစ်ပြီး သူက Original Star Wars ဇာတ်ကားရဲ့ အဓိက သရုပ်ဆောင် Luke Skywalker ဖြစ်ပါတယ်။ Luke က Jedi တွေထဲမှာ အစွမ်းအရှိဆုံးဖြစ်သလို၊ Darth Vader (ပထမသုံးကားရဲ့ အဓိက ဗီလိန်၊ Episode 1,2,3 ရဲ့ အဓိက ဇာတ်ကောင် Anakin Skywalker) ရဲ့ သား၊ Leia ရဲ့ အမွှာအကို၊ Kylo Ren ရဲ့ ဦးလေးဖြစ်ပါတယ်။ ဇာတ်လမ်းက မပြောထားပေမယ့် Rey က Luke ရဲ့ သမီးဖြစ်နိုင်တာဖြစ်လို့ နောက်ဆုံး အခန်းက သားအဖ နှစ်ယောက် ပထမဆုံး အကြိမ်တွေ့တာလည်းဖြစ်နိုင်ပါတယ်။

ဇာတ်ကားကောင်းတစ်ကားဖြစ်ပေမယ့်၊ အကောင်းဆုံး ဇာတ်ကားတော့ မဟုတ်ပါဘူး။ ကြည့်လို့ကောင်းတဲ့ ဇာတ်ကား တစ်ကားဖြစ်ပြီး၊ မိသားစုတူတူ ကြည့်နိုင်ပါတယ်။ ကျွန်တော်တို့ ခေတ်ရဲ့ A New Hope လိုပဲ ဒီဘက်ခေတ် လူငယ်တွေ၊ ကလေးတွေ အတွက် ကတော့ ဒီကားက Star Wars Universe ထဲကို စိတ်ပါလာအောင် စွမ်းဆောင်နိုင်လိမ့်မယ်ထင်ပါတယ်။ တစ်ချို့ လူငယ်တွေကတော့ Star Wars ကာတွန်းတွေနဲ့ ဂိမ်းတွေကြောင့် Star Wars အကြောင်းသိနေကြပြီးဖြစ်တာမို့ ဒီကားကို အကြိုက်တွေ့ကြမှာပါ။ တစ်ခါမဟုတ် နှစ်ခါသုံးခါလောက် ရုံမှာသွားကြည့်သင့်ပါတယ်။

#Sololay


Comments

Popular posts from this blog

RoboCop (2014) - Movie Review

The Loft

Guardians of the Galaxy: Vol 2